ငွေမည်းကို ငွေဖြူလုပ်ရာဝယ်
ဂီးလ်ဘတ် ချစ်လီသည် ပြင်သစ်-အစ္စရေး လူမျိုးဖြစ်ပြီး ကုမ္ပဏီများစွာမှ ငွေကြေးများ လိမ်လည်ခဲ့ သူဖြစ် သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း သူလိမ်လည်ခဲ့သော ငွေကြေးပမာဏမှာ ဒေါ်လာ ၁ ဒသမ ၈ ဘီလျံရှိ
ကြောင်း အက်ဖ်ဘီအိုင်က ထုတ်ပြန်ခဲ့သည်။ ချစ်လီသည် လိမ်လည်ရယူထားသည့်ငွေများကို ငွေသားဖြင့် လည်းကောင်း၊ အွန်လိုင်းမှလည်းကောင်း တရုတ်ဘဏ်များတွင် ထည့်သွင်းထားသည်။
ချစ်လီသည် ကမ္ဘာ့အကြီးဆုံး ကော်ပိုရေးရှင်းများဖြစ်သည့် Accenture၊ ဒစ္စနီ၊ အမေရိကန် အိတ်စ်ပရက်စ် စသည်များကို ပစ်မှတ်ထားပြီး လိမ်လည်ခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း ပြင်သစ်နိုင်ငံ တစ်နိုင်ငံတည်းမှ ယူရို ၆ ဒသမ ၁ သန်း လိမ်လည်ခဲ့သည်။ ချစ်လီကြုံတွေ့ရသည့် ပြဿနာက လိမ်လည်ထားသည့်ငွေတွေ သုံး၍ မရခြင်း ဖြစ်သည်။ အနောက်နိုင်ငံတွင် ရှိနေသည့် ဘဏ်ဥပဒေက တင်းကျပ်သည်။ သို့ဖြစ်၍ သူ့အနေဖြင့်ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်တွင် စည်းကမ်းလျော့နည်းသော နိုင်ငံကို ရှာဖွေရာ တရုတ်နိုင်ငံကို သွားတွေ့လေ၏။
"တရုတ်နိုင်ငံဟာ နည်းပေါင်းစုံနဲ့ ရိုက်စားဖို့အတွက် နိုင်ငံတကာ ဂိတ်ပေါက်ဖြစ်နေတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်နေလို့ပဲ။ တရုတ်အိမ်နီးချင်း နိုင်ငံတွေကိုလည်း ဂရုမစိုက်ဘူး" ဟု ချစ်လီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာမှ မူးယစ်ရာဇာများ၊ မူးယစ်ဂိုဏ်းများနှင့် ငွေကြေးကို မသမာသောနည်းဖြင့် ရှာဖွေသူများ အတွက် ငွေမည်းကို ငွေဖြူဖြစ်အောင် ပြုလုပ်ရန် အကောင်းဆုံးဒေသတစ်ခုဖြစ်လာခဲ့သည်။
မြေအောက်ဘဏ္ဍာရေးဆိုင်ရာ ကွန်ရက်များ ထွန်းကားနေသော တရုတ်စီးပွားရေး လောကသည်
နိုင်ငံတကာမှ ရာဇ၀တ် ကောင်များအတွက် ငွေမည်းတွေ ငွေဖြူ ဖြစ်လာအောင် လုပ်ဆောင်ပေးနေသည်။
တရုတ်နိုင်ငံသည် ကမ္ဘာကြီးနှင့် တစ်သားတည်း ကျလာခြင်းနှင့်အတူ စီးပွားရေး လုပ်ငန်းရပ်သည်လည်း မယုံနိုင်လောက်အောင် တိုးတက်လာသည်။ တရုတ်နိုင်ငံသားများသည် ပြည်ပသို့ ဒလဟော ထွက်ခွာ လျက်ရှိသည်။ ထိုနည်းတူ တရုတ်နိုင်ငံမှာ ရှိနေသော ငွေများသည်လည်း အတားအဆီးမရှိ ပြည်ပသို့ စီးမျောလျက်ရှိသည်။ ဤသို့ဖြင့် ရာဇ၀တ်မှုနှင့် ဆက်စပ်နေသော စီးပွားရေးသည်လည်းရောနှော ပါဝင် သွားသည်။ အစ္စရေးနှင့် စပိန်မှ ရာဇ၀တ်ဂိုဏ်းများ၊ မြောက်အမေရိကတိုက်မှဆေးခြောက် ရောင်းဝယ်
ဖောက်ကားသူများ၊ မက္ကတီကိုနှင့် ကိုလံဘီယာမှ မူးယစ်ရာဇာများသည် ရာဇ၀တ်မှု မကင်းသည့် လုပ်ငန်းမှ ရရှိသောငွေများကို တရုတ်နှင့် ဟောင်ကောင်သို့ ပေးပို့ပြီး ငွေကြေး ခ၀ါချမှုများ ပြုလုပ်လျက် ရှိသဖြင့် ငွေမည်များသည် ငွေဖြူများ ဖြစ်သွားခဲ့ကြလေသည်။
တရုတ်နိုင်ငံသည် ငွေကြေးခ၀ါချမှုကို လုပ်ဆောင်နေသည်ဆိုသော ချစ်လီ၏ ပြောကြားချက်နှင့် ပတ်သက် ၍တရုတ်ဗဟိုဘဏ်နှင့် ရဲတပ်ဖွဲ့နှင့် ဘာမျှဝေဖန်ချက်မပေး။ တုဏှိဘာဝေ ဆိတ်ဆိတ်နေသည်။ တရုတ်
နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဟွန်လီကမူ တရုတ်နိုင်ငံသည် လက်ရှိကာလတွင်
ဖြစ်စေ၊ နောင်အနာဂတ်တွင် ဖြစ်စေ၊ ကမ္ဘာ့ငွေကြေး ခ၀ါချမှုကို ပြုလုပ်ရာ ဗဟိုဌာနဖြစ်မည် မဟုတ်ကြောင်း တနင်္လာနေ့က ငြင်းဆိုလိုက်၏။ ချစ်လီကတော့ သူခိုးဝှက်ခဲ့သည့် ငွေကြေးထဲမှ ၉၀ ရာခိုင်နှုန်းကို တရုတ်နှင့်ဟောင်ကောင်တွင် ငွေမည်းကို ငွေပြုပြင်အောင် ခ၀ါချခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ပြင်သစ်တရားရုံးက La Banque Postale၊ LCL Bank၊ HSBC၊ Accenture and Thomson နှင့် French Technology စသည့် ကုမ္ပဏီ ငါးခုမှနေ၍ ယူရို ၆ ဒသမ ၁ သန်း လိမ်လည်ခဲ့မှုဖြင့် ချစ်လီမျက်ကွယ်တွင်
ထောင်ဒဏ် ခုနစ်နှစ်နှင့် ဒဏ်ကြေး ယူရိုတစ်သန်း ချမှတ်ထားသည်။ နိုင်ငံတကာက ရာဇ၀တ်မှု ကျူးလွန် သူ တစ်ဦးအဖြစ် အလိုရှိနေသော ချစ်လီသည် ယခုအခါတွင် မြေထဲပင်လယ် အနီးရှိ ဆိပ်ကမ်းမြို့ အက်ရှ်ဒေါတွင် နေထိုင်လျက်ရှိသည်။ အစ္စရေး အာဏာပိုင်များက ၎င်းအပေါ် စွဲဆိုထားသည့် အမှုနှင့် ပတ်သက်၍ ဝေဖန်ချက် တစ်စုံတစ်ရာမျှမပေး။
ချစ်လီကတော့ သူငွေမည်းကို ငွေဖြူဖြစ်အောင် မည်ကဲ့သို့ လုပ်ဆောင်ခဲ့ပုံကို အေပီကိုပြောကြားခဲ့ သည်။ ငွေမည်းကို ငွေဖြူ ဖြစ်အောင် ထွက်ကုန်ပို့ကုန်လုပ်ငန်းဖြင့် လုပ်ဆောင်ကြောင်း၊ ဟောင်ကောင်
ကုမ္ပဏီ မှတစ်ဆင့် တရုတ်နိုင်ငံမှနေ၍ ကုန်များဝယ်ယူခဲ့ကြောင်း ဥပမာတရုတ်နိုင်ငံမှ သံမဏိ တန် ၂၀ မှာယူလျှင် တန် ၁၀၀ ၀ယ်ယူကြောင်း ပြေစာကို လာဘ်ပေးပြီး ထုတ်ယူကြောင်း၊ ဤနည်းဖြင့် ငွေမည်း
ငွေဖြူ လုပ်ခဲ့ကြောင်း ရှင်းပြသည်။
အမေရိကန်ပြည်ထောင်စု တရားရေးဌာနကတော့ သွင်းကုန်ပို့ကုန် အခြေပြုငွေ ကြေးခ၀ါချခြင်းကို အလေး အနက်ထား စောင့်ကြည့်နေသည်။ တရုတ်နိုင်ငံ ကွမ်းကျိုးအခြေစိုက် နေထိုင်သော ကိုလံဘီယာ နိုင်ငံသား သုံးဦးသည် စပိန်နှင့် မက္ကဆီကို မူးယစ်ရာဇာများအတွက် ဒေါ်လာငါးသန်းခန့် ငွေကြေးခ၀ါချမှုကို ပြီးခဲ့ သည့်နှစ် စက်တင်ဘာလက အရေးယူခဲ့သည်။ ငွေကြေးခ၀ါချသည့် လုပ်ငန်းကွန်ရက်မှာ အမေရိကန်
ပြည်ထောင်စု၊ ကိုလံဘီယာ၊ စပိန်၊ အီကွေဒေါနှင့် ဗင်နီဇွဲလားအထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။
ချစ်လီက အမှုဆောင်အရာရှိချုပ် အတုအနေဖြင့် ငွေကြေးခ၀ါချမှုများ မပြုလုပ်ဟု ငြင်းဆိုခဲ့ပေမယ့်
ငွေကြေး လိမ်လည် သူများကတော့ ချစ်လီ၏ နည်းများကို အသုံးပြုနေကြသည်။ ကုမ္ပဏီအတုနှင့် အမှုဆောင်အရာရှိချုပ် အတုများသည် နိုင်ငံပေါင်း ၇၀ တွင် ငွေကြေးလိမ်လည်မှုများ ပြုလုပ်ပြီး လိုငွေများကို တရုတ်နှင့် ဟောင်ကောင်ဘဏ်များဖြင့် ငွေမည်းကို ငွေဖြူဖြစ်အောင် ပြုလုပ်လျက်ရှိသည်။ တရုတ်နိုင်ငံ မှနေ၍ နိုင်ငံခြားသို့ ပြောင်းရွှေ့နေထိုင် ကြသူများသည် ငွေမည်း ငွေဖြူဖြစ်အောင် ပြုလုပ်ရာတွင် ပါဝင် ပတ်သက်နေသည်။ ပြီးခဲ့သည့်နှစ် ဇွန်လက ပြင်သစ်ရဲတပ်ဖွဲ့သည် ပါရီမြောက်ပိုင်းရပ်ကွက် တစ်ခုကို ၀င်ရောက်စီးနင်းရာ မြောက်အာဖရိကမှ မူးယစ်ဆေးဝါး ရောင်းချသူများအတွက် တရုတ်ကုန်သည်များက
ငွေကြေးခ၀ါချမှုကို လုပ်ကိုင်ပေးနေသည်ကို ဖမ်းဆီးမိခဲ့သည်။
တရုတ်နိုင်ငံက ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးရေးများကို ပူးပေါင်းဆောက်ရွက်မှု မရှိကြောင်း အမေရိကန် အစိုးရက ထုတ်ဖော် ပြောကြားခဲ့သည်။ ဥရောပ ရဲတပ်ဖွဲ့ကလည်း ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု မရရှိပေ။ တရုတ်နိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့်
ရောက်ရှိသော ငွေများသည် တွင်းနက်ထဲ ကျသွားသည်နှင့် တူနေသည်။
Writer: မြတ်သစ်
Eleven News

No comments: