ဘယ်သန်တွေ ဥာဏ်ကြီးတယ်



ဦးနှောက်ရဲ့ အဓိကတာဝန်မှာ ဘာသာစကား နားလည်မှု၊ စဉ်းစားတွေးခေါ်မှု၊ မှတ်ဉာဏ်နဲ့ ဖန်တီးမှုတွေအတွက် အရေးပါတယ်။ ညာသန် ပုဂ္ဂိုလ်တွေရဲ့ လှုပ်ရှားမှု ဖြစ်စဉ်ဟာ ဦးနှောက်ရဲ့ ဘယ်ဖက်ပိုင်းနဲ့ ဆိုင်တယ်။ ဘယ်သန် ပုဂ္ဂိုလ်တွေရဲ့ ဘာသာစကား နားလည် အကင်းပါမှုနဲ့ ပတ်သက်ပြီး ဦးနှောက်ရဲ့ ဘယ်ဖက်ပိုင်းက လွှမ်းမိုးနေတာ တွေ့ရတယ်။ ဒါပေမဲ့လည်း အချို့ ဘယ်သန်တွေမှာလည်း ဦးနှောက် ညာဖက်ခြမ်း လွှမ်းမိုးတာလည်း ရှိပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ပညာရှင်တွေရဲ့ လေ့လာချက်အရ LRRTM-1 ဆိုတဲ့ ဗီဇမျိုးစေ့က ဘယ်သန် ဖြစ်လာရခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရတယ်။ ဒီသတင်းကို လူတွေ စိတ်ဝင်စားခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ အဲဒီ ဗီဇမျိုးစေ့ကို စိတ်ကစဥ့်ကလျား ရောဂါသည်တွေ ဆီမှာလည်း အချိုးအစားအညီ တွေ့ရလို့ ဖြစ်ပါတယ်။ ဒါကြောင့် LRRTM 1 ဆိုတဲ့ ဗီဇမျိုးစေ့နဲ့ စိတ်ကစဥ့်ကလျားရောဂါ ဆက်စပ်မှု၊ ဘယ်သန်တဲ့ သူတွေ နဲ့ ဆက်စပ်မှုကို တိတိကျကျ အဖြေထုတ်နိုင်အောင် ဆက်ပြီး လေ့လာဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်သန်တယ် ဆိုတာကို အပြင်ပန်းအရ ကြည့်ရင် သိနိုင်ပေမယ့် ဦးနှောက်ရဲ့ ရှုပ်ထွေးလှတဲ့ ခန္ဓာဗေဒ ဖြစ်စဉ်တွေနဲ့ ဆက်စပ် လေ့လာရာမှာ ခုခံ စွမ်းအား မမှန်ကန်ခြင်း၊ လေ့လာ သင်ယူနိုင်စွမ်း မရှိခြင်း၊ ဦးနှောက် မမှန်လို့ စာဖတ်ရခက်တဲ့ ရောဂါ လက္ခဏာတွေနဲ့လည်း ဘယ်လို ဆက်စပ် နေသလဲဆိုတာ ဆက်ပြီး လေ့လာနေကြတယ်။ ဘယ်သန်တွေထဲမှာ အမေရိကန် သမ္မတများ ဖြစ်တဲ့ ဖို့ဒ်၊ ကလင်တန်၊ ဘုရှ်၊ အိုဘားမားစတဲ့ ဘယ်သန်သူ သမ္မတကြီးတွေ တွေ့ရသလို အင်ဂျလီနာဂျိုလီတို့လို ဘယ်သန်တွေလည်း ရှိတယ်။ ဒီလို ထူးချွန်တာဟာ ဦးနှောက်ဖွံ့ဖြိုးမှု၊ ဉာဏ်ထက်မြက်မှုနဲ့ ကျွမ်းကျင်မှုတွေကြောင့် ဖြစ်ပါတယ်။ လူသားဆိုတာ အချိုးအစားမတူညီတဲ့ သတ္တဝါတစ်မျိုးပါ။ သန္ဓေတည်စကတည်းက နှလုံးသားက ဘယ်ဖက်ကို လှည့်နေတယ်။ အသည်းက ညာဖက်မှာ ရှိတယ်။ ဒါပေမဲ့ခန္ဓာကိုယ် အစိတ်အပိုင်း အချိုးအစားတွေ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ရှားရှားပါးပါး လက္ခဏာတွေ ရှိတဲ့သူတွေလည်း တွေ့ရတယ်။ ဥပမာ ကလေးတစ်ယောက်ဆိုရင် နှလုံးသားက ရှားရှားပါးပါး ဘယ်ဖက်မှာမရှိဘဲ ညာဘက်မှာ ရှိနေတာကို တွေ့ရဖူးတယ်။ လူတွေမှာ အပေါ်လွင်ဆုံး အချိုးမညီတဲ့ ပုံစံကို သိသာစွာ မြင်နိုင်တာက ဘယ်သန်နဲ့ ညာသန်ဆိုတာပဲ ဖြစ်ပါတယ်။

ရှေးခေတ်ဟောင်း ကာလတုန်းက ဘယ်သန်ဆိုရင် ရာဇဝတ်မှု ငြိစွန်းတတ်သူတွေ၊ မကောင်းဆိုးဝါးနဲ့ ဆက်စပ် စကားပြောနိုင်သူတွေလို့ စွပ်စွဲ ပြောဆိုတာတွေ ရှိခဲ့တယ်။ ဘယ်သန်တဲ့ ကလေးတွေဆိုရင် ညာသန်အောင် ပြန်ပြီး လေ့ကျင့်ပေးရတယ်။ သို့ပေမယ့်လည်း အဲဒီအယူအဆကို ဒီကနေ့ခေတ်သစ်မှာ သိပ်ပြီး လက်မခံကြတော့ဘူး။ အမေရိကန် ပြည်ထောင်စုမှာ သမ္မတ ဖြစ်ခဲ့ကြတဲ့ လူ ၇ယောက်မှာ ၄ ယောက်ဟာ ဘယ်သန်တွေဆိုတာ တွေ့ရတယ်။ အမေရိကန် သမ္မတဟောင်းတွေ ဖြစ်တဲ့ ဂျယ်ရယ်ဖို့၊ ဂျော့ဘုရှ်(အကြီး)၊ ဘီလ်ကလင်တန်နဲ့ လက်ရှိ သမ္မတ ဘာရက်အိုဘားမားတို့ကို ဘယ်သန်တွေအဖြစ်နဲ့ တွေ့ရတယ်။ သမ္မတရီဂန်ကတော့ ဘယ်ရော၊ ညာပါ နှစ်ဖက်စလုံးရတဲ့ annbidextrous တစ်ယောက် ဖြစ်ပါတယ်။ ကမ္ဘာမှာ ညာသန်တဲ့သူက ၉၀ ရာခိုင်နှုန်းလောက်ရှိပြီး ဘယ်သန်တဲ့သူက ၁၀ ရာခိုင်နှုန်းရှိတယ်ဆိုတဲ့ အချိုးအစားတွေနဲ့ ပတ်သက်ပြီး မျိုးရိုးဗီဇ ပညာရှင်တွေက ဘာကြောင့် အဲဒီလို ဖြစ်ရသလဲဆိုတဲ့ အဖြေသိရဖို့ အခုမှ စတင် လေ့လာ စူးစမ်းနေဆဲ ဖြစ်ပါတယ်။

Yatanarpon News

No comments:

Powered by Blogger.