သင့်အိမ်မှာ မီးဘေးအန္တာရာယ် ကြုံတဲ့အခါ (သိထားသင့်သည်များ)
အခုတလော မြန်မာနိုင်ငံရဲ့မြို့အသီးသီးမှာ မီးလောင်တဲ့သတင်းတွေ ကြားနေရပါတယ်။ မီးလောင်တဲ့အခါ ခြေမကိုင်မိလက်မကိုင်မိနဲ့ ထူပူတတ်ကြပါတယ်။ အရေးမကြီးတာတွေကို သိမ်းထုတ်ရင်း တကယ့်အဖိုးတန်တဲ့ လူ့အသက်တွေ ဆုံးပါးကြရပါတယ်။ ဒါကြောင့် ကိုယ့်အိမ်တကယ်လို့ မီးလောင်ခဲ့ရင် ဒါမှမဟုတ် မီးကူးစက်ခံရရင် အန္တရာယ်အကင်းဆုံးဖြစ်အောင် ဘယ်လိုနေမလဲ။ ဘယ်လိုကာကွယ်ကြမလဲ။ ကလေးတွေ မီးဘေးအန္တရာယ်ထဲ မကျရောက်အောင် ဘယ်လိုသင်ပေးထားမလဲဆိုတာကို အမေရိကန်အစိုးရရဲ့ ready.gov မှာ ပြည့်ပြည့်စုံစုံအကြံပေးထားပါတယ်.....
မီးဟာ လျင်မြန်စွာကူးစက်တတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေကို လိုက်သိမ်းနေဖို့၊ ဖုန်းခေါ်ဖို့ အချိန်မရပါဘူး။ မီးလောင်တဲ့အခါ အသက်အန္တရာယ်ဖြစ်ဖို့အချိန် ၂ မိနစ်ပဲလိုပါတယ်။ ငါးမိနစ်အတွင်း လူတစ်ယောက်ကို မီးတောက်တွေ ၀ါးမြိုသွားနိုင်ပါတယ်။
တကယ်တော့ မီးတောက်မီးလျံထက်စာရင် အပူနဲ့မီးခိုးငွေ့က ပိုပြီးအန္တရာယ်ကြီးပါတယ်။ အရမ်းပူနေတဲ့လေထုကို ရှုရှိုက်မိရင် အဆုတ်တွေ ပျက်စီးနိုင်ပါတယ်။ မီးမှာ အဆိပ်ငွေ့တွေထွက်တာကြောင့် မူးမိုက်သွားနိုင်ပါတယ်။ မီးကြောင့် လန့်ပြီး နိုးနိုးကြားကြားရှိရမယ့်အစား အငွေ့တွေကြောင့် ပိုပြီးအိပ်ပျော်သွားနိုင်ပါတယ်။ အဲဒါကြောင့်လည်း မီးလောင်နေတဲ့အခန်းထဲမှာ လူတွေ မနိုးကြဘဲ အိပ်မောကျရင်း သေဆုံးရတာဖြစ်ပါတယ်။
မီးက မြန်တယ်
မီးလောင်ရင် အချိန်မရပါဘူး။ မီးတောက် ထိန်းမရသိမ်းမရဖြစ်လာဖို့ အချိန် စက္ကန့် ၃၀ တောင်မကြာပါဘူး။ အဲဒီမီးက မီးတောက်မီးလျံအကြီးကြီးဖြစ်သွားနိုင်ပါတယ်။ တစ်အိမ်လုံးမှာ မီးခိုးတွေပြည့်နေမယ့်၊ မီးဝါးမြိုသွားမယ့်အချိန် မိနစ်အနည်းငယ်သာလိုပါတယ်။
မီးက ပူတယ်
အပူဟာ မီးတောက်မီးလျံထက် ပိုဆိုးပါတယ်။ မီးရဲ့အပူတစ်ခုတည်းနဲ့တင် လူသေနိုင်ပါတယ်။ မီးလောင်တဲ့အခါ အခန်းအပူချိန်ဟာ ကြမ်းပြင်မှာ ၁၀၀ ဒီဂရီအထိ မြင့်လာပြီး မျက်လုံးနဲ့တစ်တန်းတည်းနေရာမှာ ၆၀၀ ဒီဂရီအထိ ရှိပါတယ်။ အဲသည်လောက်ပူတဲ့ လေထုကို ရှုရှိုက်မိရင် အဆုတ်တွေပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် အပူကြောင့် အ၀တ်အစားတွေ အရည်ပျော်ကျနိုင်ပါတယ်။ ငါးမိနစ်အတွင်း အခန်းတစ်ခုဟာ တမဟုတ်ချင်း အလျံညီးညီးတောက်လောင်သွားပါလိမ့်မယ်။
မီးက မှောင်မည်းတယ်
မီးဟာ အရောင်မတောက်ပါဘူး။ မှောင်မည်းပါတယ်။ မီးစစလောင်ချင်း အလင်းရောင်ထွက်ပေမယ့် မကြာခင်မီးခိုးမည်းတွေ ထွက်ပြီး လုံးဝမှောင်မည်းသွားပါတယ်။ မီးလောင်နေတဲ့အချိန် အိပ်ရာကနိုးလာရင် မျက်စိကန်းသူလိုဖြစ်ပြီး ဘာမှမမြင်ရတဲ့အတွက် ကိုယ်နှစ်ပေါင်းများစွာနေခဲ့တဲ့အိမ်မှာ ထွက်ပေါက်ကို ရှာမတွေ့ဘဲ ဖြစ်တတ်ပါတယ်။
မီးဟာ အသက်သေစေတယ်
မီးခိုးနဲ့ အဆိပ်ငွေ့တွေဟာ မီးတောက်ထက် လူကို သေစေနိုင်ပါတယ်။ မီးဟာ အခန်းထဲမှာရှိတဲ့အောက်ဆီဂျင်ကို အကုန်စုပ်ယူပြီး လူ့အသက်သေစေတဲ့မီးခိုးနဲ့ အဆိပ်ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပါတယ်။ မီးခိုးနဲ့အဆိပ်ငွေ့ နည်းနည်းရှုမိတာနဲ့ ခေါင်းမူးပြီး အသက်ရှူကျပ်လာပါတယ်။
ဒီလိုမီးရဲ့သဘာဝတွေကို သိမှ ကျွန်မတို့ဟာ ကိုယ့်မိသားစုနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။
မီးမလောင်ခင်
မီးလောင်တဲ့အခါ ထွက်ပြေးမယ့်အစီအစဉ်တစ်ခုကို လုပ်ထားပါ
မီးလောင်လာရင် စက္ကန့်တိုင်းက အရေးကြီးပါတယ်။ ဒါကြောင့် ပြင်ဆင်ထားသင့်တဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်.....
• အခန်းထဲကထွက်ဖို့ လမ်း ၂ လမ်းကို ရှာထားပါ
• အဓိကထွက်ပေါက်မှာ မီး သို့မဟုတ် မီးခိုးတွေနဲ့ ပိတ်နေရင် ဒုတိယလမ်းက ထွက်ပါ။ ဒုတိယလမ်းဆိုတာ အိမ်နီးချင်းရဲ့ခြံဘက်ရောက်နိုင်တဲ့ ပြတင်းပေါက်ဖြစ်ဖြစ်၊ အပေါ်ထပ်က ပြတင်းပေါက်ကနေထွက်နိုင်တဲ့ အရေးပေါ်လှေကားဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။
• ပြတင်းပေါက်တွေ ကျပ်ညပ်မနေအောင်၊ မှန်တံခါးတွေကို မြန်မြန်ဖွင့်နိုင်အောင် စစ်ဆေးလုပ်ဆောင်သင့်ပါတယ်။
• အမှောင်ထဲမှာ သို့မဟုတ် မျက်လုံးပိတ်ထားပြီး အိမ်ထဲမှာသွားနိုင်အောင် လေ့ကျင့်ထားသင့်ပါတယ်။
• သော့တွေကို မြင်သာမယ့်၊ ရှာလို့လွယ်မယ့်နေရာမှာ ထားပါ။
• မီးသတ်သမားတွေကို မကြောက်အောင် ကလေးတွေကို သင်ပေးထားပါ။
• မီးခိုးအချက်ပြစနစ်တပ်ဆင်ပါ
ဒါတွေအပြင်
• အခန်းတံခါးတွေကို ပိတ်ပြီးအိပ်ပါ။ မီးလောင်တဲ့အခါ မီးခိုးချက်ခြင်းဝင်မလာနိုင်အောင်လို့ပါ။
• မီးသတ်ဆေးဗူးတွေ ထားရှိပါ။
• တတ်နိုင်ရင် အလိုအလျောက်ရေဖြန်းတဲ့စနစ်တပ်ဆင်ပါ။
မီးလောင်နေချိန်အတွင်း
• ထွက်ပေါက်ကို ရောက်အောင် လေးဘက်ထောက်ပြီး တွားသွားပါ။ မီးခိုးငွေ့တွေ၊ အဆိပ်ငွေ့တွေက မျက်နှာကျက်မှာ အရင်စဖြစ်ပါတယ်။
• မီးအချက်ပေးခေါင်းလောင်းမြည်ရင် အပြင်ကို မြန်မြန်ထွက်ပါ။ အန္တရာယ်ကင်းကင်းထွက်နိုင်ဖို့အချိန် စက္ကန့်ပိုင်းပဲ ရပါတယ်။
• မီးက ကိုယ့်တံခါးပေါက်ကို ပိတ်ဆို့ထားရင် ဒုတိယလမ်းကိုသုံးပါ။
• မီးခိုးငွေ့က အဆိပ်ဖြစ်တယ်။ မီးခိုးတွေကြားထဲက ဖြတ်ပြီးပြေးရရင် ခေါင်းကိုငုံ့ပြီး မီးခိုးငွေ့အောက်က ရှောင်ရှားသွားပါ။
• တံခါးတစ်ချပ်ကို မဖွင့်ခင် တံခါးလက်ကိုင်ဘုနဲ့ တံခါးကို စမ်းကြည့်ပါ။ အဲဒါတွေ ပူနေရင် အဲဒီတံခါးကို ပိတ်မြဲပိတ်ထားပြီး ဒုတိယလမ်းက ထွက်ပါ။
• တံခါးတ၀ိုက်မှာ မီးခိုးတွေအူထွက်နေရင် တံခါးကို ပိတ်မြဲပိတ်ထားပြီး ဒုတိယလမ်းက ထွက်ပါ။
• တကယ်လို့ တံခါးကို ဖွင့်မယ်ဆိုရင် ဖြည်းဖြည်းလေး ဖွင့်ပါ။ တကယ်လို့ မီးအကြီးအကျယ်လောင်နေမယ်၊ မီးခိုးလုံးတွေ ရှိနေမယ်ဆိုရင် ချက်ခြင်းပြန်ပိတ်ပါ။
• တကယ်လို့ အကူအညီလိုအပ်နေသူဆီကို ကိုယ်မသွားနိုင်ရင် အိမ်ထဲက ထွက်ပြီး မီးသတ်ဌာနဆီ ဖုန်းဆက်ပါ။ အဲသည်လူရှိနေတဲ့နေရာကို ပြောပြပါ။
• အိမ်မွေးတိရစ္ဆာန်တွေ အတွင်းမှာပိတ်မိနေရင်လည်း မီးသတ်သမားတွေကို ပြောပြပါ။
• တကယ်လို့ အိမ်ပြင်ထွက်မရရင် တံခါးကို ပိတ်၊ တံခါးပတ်ဝန်းကျင်နဲ့ အက်ကြောင်းတွေကို အ၀တ်အစားတွေ၊ တိပ်တွေနဲ့ပိတ်ပြီး မီးခိုးမ၀င်နိုင်အောင် လုပ်ပါ။ မီးသတ်ဌာန သို့မဟုတ် အရေးပေါ်ကို ဖုန်းဆက်ပါ။ ပြတင်းပေါက်မှာ အရောင်ဖြူဖွေးတဲ့အ၀တ်စမျိုး၊ ဓာတ်မီးမျိုးနဲ့ ကိုယ်ရှိနေကြောင်း အချက်ပြပါ။
• တကယ်လို့ ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားပေါ် မီးလောင်ပြီဆိုရင် ကြမ်းပြင်ပေါ် လှဲချပြီး လှိမ့်ချပါ။ မျက်နှာကို လက်နဲ့အုပ်ထားပါ။ ကိုယ်ပေါ်ကမီးငြိမ်းသွားတဲ့အထိ လှိမ့်ပါ။ တကယ်လို့ ကိုယ် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်က ကြမ်းပြင်ပေါ် လူးလှိမ့်လို့မရရင် မီးတောက်ကို စောင် သို့မဟုတ် တဘက်နဲ့ ပုတ်ပြီးငြှိမ်းပါ။ မီးလောင်ဒဏ်ရာပေါ် ရေအေးအေးနဲ့ ၃ မိနစ်က ၅ မိနစ်အတွင်း ချက်ခြင်းစိမ်ပေးပါ။ ပြီးမှ ဆေးကုသမှုခံယူပါ။
အသက်ကြီးသူတွေ၊ မသန်စွမ်းသူတွေအတွက် မီးထဲကထွက်ပြေးဖို့ စီစဉ်ပေးခြင်း
• ထွက်ပေါက်နားမှာ နေပါ။ တကယ်လို့ အထပ်မြင့်တွေမှာ နေရင် မြေညီထပ်က ဘေးအကင်းဆုံးဖြစ်ပါတယ်။ တကယ်လို့ အပေါ်ထပ်တွေမှာ နေရင် ထွက်ပေါက်နဲ့နီးနီးနားနားမှာ နေတာ အကောင်းဆုံးပါပဲ။
• လမ်းလျှောက်တုတ်တို့၊ ၀ှီးချဲတို့ကိုအသုံးပြုသူဆိုရင် တံခါးပေါက်တွေက ထွက်နိုင်အောင် ထွက်ပေါက်အားလုံးကို ကြည့်ထားပါ။
• မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေကို မီးဘေးကင်းရေးအစီအမံတွေ ပြောပြပြီး သူတို့နဲ့အတူ လေ့ကျင့်ပါ။
• ဖုန်းကို အိပ်ရာဘေးမှာ ထားပြီး မီးလောင်ရင် မီးသတ်ဌာနကို ခေါ်နိုင်အောင် ဖုန်းနံပါတ်ကို အဆင်သင့်ထားရှိပါ။
နေအိမ်တွေမှာ မီးဘေးကာကွယ်ခြင်း
အိမ်အများစုမှာ ချက်ရင်းပြုတ်ရင်း မီးလောင်ကြ၊ ဒဏ်ရာရကြတာဖြစ်ပါတယ်။ ညဘက်မီးလောင်တဲ့အဓိကအကြောင်းရင်းတွေက ဆေးလိပ်ကို စည်းကမ်းမဲ့ပစ်တာ၊ မီးကြွင်းမီးကျန်က အစအနတွေ ထွက်လာတာ၊ မီးဖို၊မီးပူ၊ရေနွေးအိုး စတဲ့ပစ္စည်းတွေ အပူလွန်ကဲတာ၊ အဲသည်ပစ္စည်းတွေက တခြား မီးလောင်လွယ်တဲ့အရာတွေနဲ့ နီးကပ်လွန်းတာတွေကြောင့် ဖြစ်ပါတယ်။ အဲသည်မီးတွေဟာ အလွန်လည်း အန္တရာယ်ပေးနိုင်ပါတယ်။ အကြောင်းက အဲဒါတွေဟာ မီးတောက်စဖြစ်ဖို့ ပျိုးတဲ့အချိန် အလွန်ကြာတဲ့အတွက် အိမ်ထဲကလူတွေ အိပ်မောကျချိန်မှ စပြီးလောင်တတ်လို့ပါပဲ။
အိမ်တွင်းမီးလောင်မှုတွေကို ကာကွယ်တားဆီးနိုင်ပါတယ်။ အောက်ဖော်ပြပါ ရိုးရှင်းတဲ့နည်းလမ်းတွေက ၀မ်းနည်းစရာအဖြစ်ဆိုးတစ်ခုကို ကာကွယ်ပေးနိုင်မှာပါ။
ချက်ပြုတ်ခြင်း
• ကြော်လှော်ချက်ပြုတ်နေချိန်မှာ မီးဖိုထဲမှာပဲ နေပါ။ မီးဖိုထဲက ခဏထွက်ရင် မီးဖိုခလုတ်ကို ပိတ်ခဲ့ပါ။
• အိပ်ငိုက်နေရင်၊ အရက်သောက်ထားရင်၊ ဒါမှမဟုတ် ငိုက်မြည်းစေတဲ့ဆေးတွေ သောက်ထားရင် မချက်ပြုတ်ပါနဲ့။
• ကလေးတွေကို မီးဖိုနဲ့ ၃ ပေအကွာမှာ နေခိုင်းပါ။
ဆေးလိပ်သောက်ခြင်း
• ဆေးလိပ်သောက်ခဲ့ရင် အိမ်ပြင်မှာပဲ သောက်ပါ။ အိမ်မီးလောင်မှုအများစုက အိမ်ထဲမှာ ဆေးလိပ်သောက်တဲ့ပစ္စည်းတွေကြောင့် စတင်လောင်ကျွမ်းရတာပါ။ စီးကရက်ကို သဲဖြည့်ထားတဲ့ဗူးနဲ့ စနစ်တကျငြှိမ်းပါ။
• စီးကရက် မီးငြိမ်းသွားတာ သေချာပါစေ။ ပူနေတဲ့စီးကရက်ကို အမှိုက်ပုံးထဲ ဒါမှမဟုတ် ဗူးထဲပြန်ထည့်တာမျိုး လုံးဝမလုပ်ပါနဲ့။
• အိပ်ရာပေါ်မှာ ဆေးလိပ်မသောက်မိပါစေနဲ့။ တကယ်လို့ ကိုယ်က အိပ်ချင်နေရင်၊ အရက်သောက်ထားရင် ဒါမှမဟုတ် မူးဝေစေတဲ့ဆေးဝါးတွေ သောက်ရင် စီးကရက်မီးကို အရင်ငြှိမ်းပါ။
လျှပ်စစ်ပစ္စည်းဘေးကင်းရေး
• ပေါက်ပြဲနေတဲ့ ၀ါယာကြိုးတွေက မီးလောင်နိုင်ပါတယ်။ ပျက်စီး၊ ဆွေးမြေ့၊ အိုဟောင်းနေတဲ့ ကြိုးတွေကို ချက်ခြင်းလဲလှယ်ပါ။
• တကယ်လို့ လျှပ်စစ်ပစ္စည်းတစ်ခုဟာ သရီးပင်ဆိုရင် သရီးပင်ပလပ်နဲ့သာ အသုံးပြုပါ။ တူးပင်နဲ့ ၀င်အောင်သုံးတာမျိုး၊ extension ကြိုးခွေနဲ့သွယ်သုံးတာမျိုး မလုပ်ပါနဲ့။
• လျှပ်စစ် extension ကြိုးခွေတွေကို ချင့်ချိန်သုံးပါ။ overload မဖြစ်ပါစေနဲ့။
• မီးခလုတ်တွေ ပူနေရင်၊ မီးပွားတွေထွက်နေရင် ချက်ခြင်းခလုတ်ပိတ်ပြီး တတ်ကျွမ်းနားလည်တဲ့သူနဲ့ ပြင်ခိုင်းပါ။
မီးသွေးမီးဖိုသုံးရင်
• အမှိုက်တွေ၊ စက္ကူတွေကို မီးထည့်မရှို့ပါနဲ့။
• အိမ်အပြင်မထွက်ခင်၊ အိပ်ရာမ၀င်ခင် မီးအကြွင်းအကျန်စစ်ဆေးပါ။
• မီးဖိုပြာတွေကို အိမ်အပြင်ဘက်မှာ သတ္ထုဗူးနဲ့လုံလုံခြုံခြုံထည့်သွင်းစွန့်ပစ်ပါ။
ကလေးတွေကို သင်ကြားပေးဖို့
• ကလေးတွေကို မီးဟာ အသုံးချစရာဖြစ်ပြီး ကစားစရာမဟုတ်ကြောင်း သင်ပေးပါ။
• ဂက်စ်မီးခြစ်တွေ၊ ယမ်းမီးခြစ်တွေကို ကလေးတွေ မမြင်အောင်၊ လက်လှမ်းမမီအောင် ထားပါ။
• ကလေးတွေအဖို့ မီးခြစ်ကို တွေ့ရင် ယူမထားဖို့ သင်ပေးပါ။ လူကြီးတစ်ယောက်ကို လာပြောဖို့ သင်ပေးပါ။
• ကလေးတွေကို မီးဖွင့်ထားတဲ့ မီးဖို၊ ထွန်းထားတဲ့ ဖယောင်းတိုင်တွေအနားမှာ ခဏလေးဖြစ်ဖြစ် တစ်ယောက်တည်းမထားပါနဲ့။
အခြား ကာကွယ်ရေးနည်းလမ်းများ
• ပေါက်ကွဲတတ်တဲ့၊ မီးလောင်လွယ်တဲ့အရည်တွေကို အပူရင်းမြစ်နဲ့ဝေးဝေးမှာထားပါ။
• မီးစက်တွေကို အိမ်ထဲမှာ လုံးဝမသုံးသင့်ပါဘူး။ အပြင်ဘက်မှာ ဒါမှမဟုတ် လေ၀င်လေထွက်ကောင်းတဲ့နေရာမှာသာ သုံးပါ။
အားလုံးသတိထားနိုင်အောင် ဒီဆောင်းပါးကို မျှဝေပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
Credit : Su Phyae Sone

No comments: