အချိန်ပြည့် ပင်ပန်းနုံးချိနေရခြင်း အကြောင်းရင်း


            လူကအချိန်ပြည့် ပင်ပန်းနုံးချိနေသလို ခံစားနေရသည်။ အလုပ်တွေ ဖိစီးလို့ ဖြစ်မှာပါ၊ ကိုယ်တိုင်က အပျင်းထူနေလို့ ဖြစ်မှာပါ စသည်ဖြင့် တွေးတတ်ကြသည်။ သို့သော် တကယ်တမ်းမှာ ထိုသို့အချိန်ပြည့် ပင်ပန်းနုံးချိနေသလို ခံစားနေရခြင်းမှာ ခန္ဓာကိုယ် ကျန်းမာရေး ပြဿနာကြောင့်လည်း ဖြစ်နိုင်သည်။

သံဓာတ်နည်းလို့ နုံးချိနေတာလည်း ဖြစ်နိုင်သည်။

          ဆရာရေ လူကအမြဲနုံးချိ ပင်ပန်းနေသလို ခံစားနေရတယ်ဟု ဆေးခန်းမှာ ပြောပြလျှင် ဆရာဝန်က ကိုယ့်ကို သံဓာတ်ပြည့်ဝခြင်း ရှိမရှိ စစ်ဆေးလိမ့်မည်။ လူကမောလည်းမော၊ နုံးလည်းနုံး၊ မကြာမကြာလည်း အသက်ရှူရ ခက်တတ်သည်ဆိုလျှင်၊ လေ့ကျင့်ခန်းလုပ်ဖို့ပင် မဖြစ်နိုင်လောက်အောင် မောပန်းနုံးချိ နေသည်ဆိုလျှင် ဖြစ်နိုင်ခြေ အရှိဆုံးက သံဓာတ်ချို့တဲ့လို့ ဖြစ်နိုင်သည်။

           သွေးစစ်ကြည့်လိုက်လျှင် အဖြေအတိအကျ သိနိုင်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ သွေးသည် အောက်ဆီဂျင် လုံလုံလောက်လောက် သယ်ဆောင်နိုင်စွမ်း ချို့တဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်ရသည့် လက်သည်မှာ သံဓာတ်ချို့တဲ့သောကြောင့် ဖြစ်သည်။ သံဓာတ်ချို့တဲ့ခြင်းကို သွေးအားနည်းခြင်းဟုလည်း အလွယ်ခေါ်တတ်ကြပြီး မကြာမကြာ အအေးမိ၊ မူးဝေ၊ ပျို့ချင်အန်ချင်၊ ခေါင်းမူး ခေါင်းကိုက်တာလည်း ဖြစ်တတ်သည်။

သိုင်းရွိုက် ပုံမှန် အလုပ်မလုပ်တာကြောင့်လည်း ဖြစ်နိုင်သည်။

          သိုင်းရွိုက် ပုံမှန် အလုပ်မလုပ်လျှင် လူကနုံးချိနေရုံသာမက၊ အရေ ပြားတွေ ခြောက်သွေ့၊ ၀မ်းချုပ်၊ အားနည်းတာမျိုးပါ ဖြစ်တတ်သည်။ သိုင်းရွိုက် ပုံမှန်အလုပ်မလုပ်ခြင်း ဟူသည် သိုင်းရွိုက်က ပုံမှန် ထုတ်ပေးရမည့် ဟော်မုန်း လုံလုံလောက်လောက် မထွက်ခြင်းကြောင့် ဖြစ်နိုင်သလို၊ လိုသည်ထက် ပိုထွက်နေခြင်းလည်း ပါဝင်သည်။

          က၊ွမ်းကျင်ဆရာဝန်နှင့် ပြသစစ်ဆေးမှု ခံယူလိုက်ပါက သိုင်းရွိုက် အားနည်းခြင်းကြောင်လား၊ ပုံမှန်ထက် တက်ကြွနေခြင်းကြောင့်လား ပေါ်လာမည်။ ထိုအခါ ဆရာဝန်က သိုင်းရွိုက် ပုံမှန်ဖြစ်အောင် ညှိပေးမည့် ဟော်မုန်းဆေး ပေးလိမ့်မည်။

ဆီးချိုဖြစ်နိုင်ခြေရှိခြင်း၊ ဆီးချို ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

          သွေးထဲမှာ သကြားဓာတ် ပုံမှန်ထက် များလာလျှင် သွေးလှည့်စနစ် ထိခိုက်ကာ ခန္ဓာဆဲလ်များဆီ အောက်ဆီဂျင် လုံလုံလောက်လောက် မရောက်ဘဲ ဖြစ်တတ်သည်။ ထိုအခါလူသည် မောပန်းနုံးချိလာရသည်။ သွေးတွင်း သကြားဓာတ် များလွန်းခြင်းက လူကို မောပန်းနုံးချိစေသလိုပင်၊ နည်းနေပြန်ခြင်းကလည်း မောပန်းနုံးချိစေသည်။ သကြားဓာတ် နည်းလွန်းပါကလည်း ခန္ဓာအတွက် လိုအပ်သည့် လောင်စာမရသကဲ့သို့ ဖြစ်ကာ လူကပင်ပန်းလာရသည်။

စိတ်ဓာတ် ကျနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

          တစ်ချိန်လုံး လူကနုံးချိနေ၊ မနက်ဆို အိပ်ရာထဲကကို မထွက်ချင်၊ ညဆိုလျှင် ကောင်းကောင်း အိပ်မပျော်ဘူးဆိုလျှင် စိတ်ဓာတ်ကျနေခြင်းကြောင့် ဖြစ်နိုင်သည်။ ကျွမ်းကျင် စိတ်ပညာ ဆရာဝန်နှင့် ပြသကာ စိတ်ကျန်းမာရေး စစ်ဆေးမှု ခံယူသင့်သည်။

           ဆရာဝန်က စိတ်ကျနှုန်းကို ပေါ်လွင်လာစေမည့် စနစ်တကျ မေးခွန်းထုတ် စစ်ဆေးနည်းများဖြင့် စစ်ဆေးလိုက်လျှင် မိမိစိတ်ကျနေသည့် အခြေအနေကို ရိပ်စားမိကာ မည်သို့ ပြန်မြှင့်တင်သင့်သည်ကိုပါ အဖြေတွေ့လာနိုင်သည်။ စိတ်ဓာတ်ပြန်တက်လာလျှင် အထက်ပါ ပြဿနာများက အလိုလိုကို ပြေလည်သွားနိုင်သည်။

ကလီစာ ယိုစိမ့်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

          အစာလမ်းကြောင်း တစ်လျှောက် အူနံရံများ ယိုစိမ့်ခြင်းကြောင့်လည်း လူသည် ပင်ပန်းနုံးချိရတတ်သည်။ ပုံမှန်အားဖြင့် အူလမ်းကြောင်းသည် ယိုပေါက် ဟာပေါက်မရှိသော ပိုက်ကဲ့သို့ ဖြစ်သည်။ ခန္ဓာကိုယ် အတွက် လိုအပ်သော အာဟာရများကိုသာ အူနံရံက စုပ်ယူသည်။ မလိုအပ်တာများကို လမ်းကြောင်းတစ်လျှောက် တွန်းပို့ကာ မစင်အဖြစ် စွန့်ထုတ်စေသည်။

           ခန္ဓာကိုယ်ထဲ အရောက်မခံ။ မိမိက အစားမဆင်ခြင်ဘဲ လူကိုအန္တရာယ် ဖြစ်စေသော သဘာဝ မဟုတ်သည့် ပြုပြင်စီမံထားသော အစားအသောက်တွေ အစားများလျှင် ဓာတုပစ္စည်းများသည် အစာလမ်းကြောင်းနံရံများကို ပါးလွှာလျော့ရဲစေသည်။ ထိုအခါ သွေးထဲမရောက်သင့်သည့် အဆိုးပြု ပရိုတိန်းများပါ သွေးကြောများထဲ ရောက်သွားကာ ခန္ဓာခုခံအားစနစ်က တုံ့ပြန်မှုများ ဖြစ်ပွားပြီး လူသည် မောပန်းနုံးချိလာရတတ်သည်။

ကူးစက်ရောဂါဝင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

          ခန္ဓာခုခံအားစနစ်ကို အလွန်အမင်း တုံ့ပြန်မှု ဖြစ်စေသော ကူးစက်ရောဂါမျိုး ၀င်ခြင်းကြောင့်လည်း လူသည် မောပန်းနုံးချိလာရတတ်သည်။ ကျွမ်းကျင်ဆရာဝန်နှင့် ပြသကာ စနစ်တကျ စစ်ဆေးမှု ခံယူခြင်းဖြင့် ကူးစက်ရောဂါပိုးကို သိရှိကာ သက်ဆိုင်ရာ ကုသမှုများ ခံယူဖို့လိုအပ်သည်။

ကိုထိုက်
Messenger News Journal

No comments:

Powered by Blogger.