ဘ၀ကိုတိုးတက်အောင်မြင်ချင်လျှင် မိမိကိုယ်ကိုအားကိုးပါ


ရေးသားသူ - ဆရာကြီးဒေါက်တာမင်းတင်မွန်

သူတစ်ပါးကိုအားကိုးနေသူများသည် စိတ်ဓါတ်ပျော့ညံ့သူများဖြစ်၍ ဘ၀တွင် အောင်မြင်မှုရရန် ခဲယဉ်းပါသည်။ ' စိုင်ကော်လို့ချုံပေါ်ရောက် ' သည့် အဖြစ်မျိုးကို မကြာခဏတွေ့မြင်ရတတ်သောလည်း စိုင်ကော်ခြင်းမှာ မတော်တဆဖြစ်သည့်ကိစ္စ မဟုတ်။ စိုင်အကော်ခံရသည့် အခြေအနေ ရောက်အောင်မိမိက ဖန်တီးပေးရသည်ကို မျက်ခြည်မပြတ်သင့်ပေ။

"God helps those who help themselves " မိမိကိုယ်ကိုအားကိုးပါမှ နတ်ဘုရားကကူသည်  ဟူသောစကားရှိပါသည်။ မိမိ၏အမှုကိစ္စကို မိမိကြိုးစားဆောင်ရွက်နေစဉ်အလျဉ်းသင့်လာသည့်လူများက ပါဝင်ကူညီပေးကြပေလိမ့်မည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိ၏ ကိစ္စအ၀၀ကို အစမှအဆုံးတိုင် ကူညီပေးနိုင်လိမ့်မည် မဟုတ်ချေ။

ဗုဒ္ဓက " အတ္တာဟိ အတ္တနော် နာထော၊ ကောဟိနာထောပရောသိဃာ " ' မိမိသည်သာ မိမိ၏ကိုးစားရာဖြစ်၏။ သူတစ်ပါးသည် မိမိ၏ကိုးစားရာအဘယ်မှာဖြစ်အံ့နည်း' ဟု ယတိပြတ်ပင်မိန့်ဆိုတော်မူခဲ့၏။

"မိမိကိုယ်ကို အားကိုးပါ " ဟူသောအချက်နင့်ဆက်စပ်နေသော အရည်အသွေးတစ်ခုမှာ" မိမိကိုယ်ကို ယုံကြည်ခြင်း"(self cofidence ) ဖြစ်၏။ ဤအရည်အသွေးသည် စိတ်ပညာအရ အောင်မြင်ရေးတွင် အလွန်အရေးပါ၏။ စာမေးပွဲကဖြေဆိုရာ၌ ဖြစ်စေ၊ အားကစား၌ဖြစ်စေ၊ သရုပ်ဆောင်ရာ၌ ဖြစ်စေ၊စီးပွားရေးလုပ်ငန်း၌ဖြစ်စေ၊ self cofidence ရှိသူသည် မရှိသူထက် အပြတ်အသတ် သာသွားနိင်၏။ ဤယုံကြည်စိတ်ဖြစ်ပေါ်လာရန်မှာ ပွဲမ၀င်ခင် ပြင်ကျင်းပ ဆိုသလို ကောင်းစွာပြင်ဆင်လေ့ကျင့်ထားရမည်ကို
သတိမူသင့်၏။

မိမိကိုယ်ကိုအားမကိုးသူ၊ မိမိအရည်အချင်းကိုမယုံကြည်သူ၌ သူတစ်ပါးထက်နိမ့်ကျသည်ဟု ထင်သောအတွေး ( inferiority complex ) ၀င်လာ၏။ ၄င်းအတွေးမှာ အောင်မြင်မှုကို ဖန်တီးပေးနိုင်သောစိတ်ဓါတ်၏ စွမ်းအားကိုပျော့ညံ့စေသဖြင့် ၄င်းအတွေးကို self confidence ဖြင့်အစားထိုးနိုင်အောင်ကြိုးစားရပေလိမ့်မည်။

အောင်မြင်လိုလျှင် မည်သည့်အခါမျှ မိမိကိုယ်ကို အထင်မသေးနှင့် ။ မည်သည့်အခါမျှ စိတ်ဓါတ်မကျနှင့်။မိမိစွမ်းရည်ကို ယုံကြည်လျှက် " ငါလုပ်လျှင် အောင်မြင်ရမည် " ဟူသောစိတ်ကိုသာမွေးမြူသင့်သည်။

No comments:

Powered by Blogger.