ယောမင်းကြီး ဦးဘိုးလှိုင်၏ နောက်ဆုံးအချိန်


     ရွှေပြည်ဝန်မင်းသည် အာယုဒါယ အပိုင်းအခြားကိုနားလည်တော်မူသောအားဖြင့်နှစ်လလောက် က ကြိုတင်၍ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ စစ်ကိုင်းမြို့တွင်နေလျက်ရှိသောဦးတူ ဆိုသူကို ခေါ်စေ၍
ရောက်သောအခါ-
`မောင်တူ... မင်းနဲ့ငါ သူငယ်ချင်း များစွာချစ်ကြွမ်းဝင်သူ ဖြစ်ကြသည်။ ငါ့ကို မင်းကြီးဟု စိတ်ကစွဲလျက် ရိုသေခြင်း၊ ဘုရားထူးခြင်းကို မပြုနဲ့၊ ကျောင်းမှာ နေတုန်းကလို ငါ့ကို ဘိုးလှိုင်လို့ပဲ ခေါ်၊ မင့်ကိုလည်း
မောင်တူပဲ ခေါ်မည်။ သူငယ်ချင်း ကျောင်းသားစိတ်မျိုးနှင့် စကားပြော၍ ငါ့အနားမှာ တစ်လနေပါ။
မင့်သားမယား စားသုံးရန် ငွေဒင်္ဂါး ၂ဝဝိ ကို လူကြုံကြည့်၍ ပို့လိုက်၊ ငါ့ကို မင်းကျွေးချင်တာနဲ့ ကျွေး။
ငါ့ကို ဘာစားမလဲ မမေးနဲ့၊ မင်းကျွေးတာကို ငါ စားမည်။ မင်းပြောတာကို ငါ နားထောင်မည်။
သည်အခန်းကို ဝန်ကတော်မှစ၍ မည်သူမျှ မဝင်စေနှင့်`
ဟုစည်းကမ်းထားလျက် နှစ်ယောက်သား ငယ်ငယ်တုန်းကလို ပြောဆိုရယ်မော၊ ကျောင်းမှာနေစဉ်ကစာများကို တစ်ယောက်တစ်လှည့် အံကြလေသည်။ ရံဖန်ရံခါ ရယ်စရာများလည်း ပြောကြလေသည်။

ညနေဘက်ရောက်လျှင် သူငယ်ချင်းနှစ်ယောက် လမ်းအတူလျှောက်ရင်း စကားတွေပြောကြ၏။ တရားအတူရှု့မှတ်ကြသည်။ ဘုရားအတူရှိခိုးကြ၏။ ည ၁၀း၀၀ နာရီအချိန် အိပ်ရာဝင်ပြီဆိုပါက ဦးတူက "မဟာသတိပဌာနသုတ်တော်ကြီး" ကို ရွတ်ဖတ်ပူဇော် ဦးဘိုးလှိုင်အား သိပ်သည်ဟူ၏။ ထိုသို့သူငယ်ချင်းနှစ်ယောက် နေလာလိုက်ရာ နှစ်လတင်းတင်းပြည့်၍ သေမည့်နေသို့ ကျရောက်ခဲ့ပေပြီ။ ည ၁၀း၀၀ နာရီအချိန်သို့ရောက်သောအခါ ဦးဘိုးလှိုင်က-
"သူငယ်ချင်း မောင်တူရေ...မင်းမှာအပြစ်ရှိလည်း ခွင့်လွှတ်တယ်၊ ငါ့မှာအပြစ်ရှိရင်လည်း ခွင့်လွှတ်ပါကွယ်" ဟူ၍ခွင့်လွှတ်စကား တောင်းပန်စကားတို့ကို ဆို၏။



တစ်ဖန်-
"ကဲ ...ငါ့ကို ခါတိုင်းညတွေလိုပဲ မဟာသတိပဌာန်သုတ်တော်ကြီးကို ရွတ်ဖတ်ပြီး သိပ်ပေတော့ကွယ်" ဟုဆိုလေ၏။ ဦးတူမှ မဟာသတိပဌာန်တရားတော်ကြီးကို ရွတ်ဖတ်နေချိန်ဝယ် ဦးဘိုးလှိုင်က ခုတင်ပေါ်ပက်လက်ကလေးလှန် ၊ လက်အုပ်လေးဘေးတစ်စောင်းချီပြီး တရားတော်ကို နာယူနေခဲ့သည်။ ရွတ်ဖတ်ပြီးချိန်ဝယ် ဦးဘိုးလှိုင် အိပ်ပျော်သွားသကဲ့သို့ ဦးတူလည်း အိပ်ပျော်သွားတော့သည်။


မနက်မိုးလင်းခါနီး အာရုဏ်တက်လေးနာရီထိုးသည့်အခါ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ ကြား၍ ဦးတူနိုးလာသည်။ ထိုအခါ ဦးဘိုးလှိုင်အား ဘုရားရှိခိုးရန် သွားနှိုးသည်။ ဦးဘိုးလှိုင်ကား သက်ဝင်လှုပ်ရှားမလာတော့ ၊ ခုတင်ပေါ်လက်အုပ်ကလေးချီလျှက် ခွေခွေလေးအနေအထားဖြင့် ကွယ်လွန်ရှာခဲ့ပေပြီ။


No comments:

Powered by Blogger.