ကားဟောင်း မ၀ယ်ခင် စစ်ဆေးပါ


ရေးသူ- စစ်ငြိမ်းဒီရေ

(ကြောက်တတ်သူများ မဖတ်ရူရန် မေတ္တာ ရပ်ခံအပ်ပါသည်။)

အခု နွေရာသီ ကျောင်းမပိတ်ခင် ထူးထူးဆန်းဆန်း အဖြစ်အပျက် တစ်ခုကို သိခွင့်ရခဲ့ ပါတယ်။ စာရေးသူ တို့ အတန်းထဲက အာဖနစ္စတန်ကျောင်းသား “အလီ”ရဲ့ အဖြစ်အပျက်ပါ။ အလီက မူစလင်ဘာသာဝင် တစ်ဦးပါ။ ဒိန်းမတ်နိုင်ငံကို (၂)နှစ်သား အရွယ်ကစ’ရောက်တော့ သူ့ပုံစံက ခေတ်ဆန်ဆန် နေတတ်တဲ့ လူငယ်တစ်ဦးလို ဖြစ်နေပါပြီ။

စာသင်ချိန်မှာ အခန်းတံခါးကို အပြင်ကနေ လာခေါက်တော့ ဆရာက တံခါးကို ဖွင့်ပေးလိုက်ပါတယ်။ တံခါးအပြင်ဖက်မှာ ရပ်နေသူက အလီ’အကိုပါ။ ရဲစခန်းရောက်နေတဲ့ အလီ’ကား ကို သွားယူပြီး အလီဆီ လာပို့ပေးတာပါ။ အလီဟာ မီးပွိုင့်ထိပ်မှာ သူ့ကား မီးနီ မိနေတုန်း ကားပေါ်ကနေ ရုတ်တရက်
ဆင်းပြေးသွားပါတယ်။ နောက်ကားတွေက သွားဖို့ အခက်အခဲဖြစ်တာကြောင့် မကြာခင်မှာ ရဲရောက်လာပြီး ယာဉ်ကြောပိတ်ဆို့နေတဲ့ အလီ’ကားကို လမ်းဘေး ရွေ့လိုက်ရပါတယ်။


ပိုင်ရှင်မဲ့နေတဲ့ အလီ’ကားကို ရဲစခန်းဆီ သယ်ယူသွားပါတယ်။ အဲဒီနေ့က သူ့အကို ဖြစ်သူက ရဲစခန်း ကနေ အလီ’ကားကိုကျောင်းအထိ ပြန်သယ်လာပြီး ကားသော့ကို သူ့ညီဆီ လာပို့ ပေးတာပါ။ အလီ’ အကိုဟာ ကျောင်းက ကျောင်းသားဟောင်းတစ်ဦးဖြစ်နေလို့ ဆရာနဲ့ ခင်မင်ရင်းနှီးနေပါတယ်။ ဒါကြောင့်
အလီ’ အဖြစ်အပျက်ကို အားလုံးက သိခွင့်ရတာပါ ….။

အလီ' ဖြေရှင်းချက်ကို ကြားရတော့ ဆရာနဲ့ ကျန်တဲ့သူအားလုံး အရမ်းအံသြသွားပါတယ် …..

“ကျနော့်ကားပေါ်မှာ သရဲ ရှိတယ်၊ ကျနော် လုံးဝ သည်းမခံနိုင်တဲ့အဆုံး ကားပေါ်ကနေ ဆင်းပြေးခဲ့တာပါ … ”


ဒီကားကို ဒိန်းမတ်နိုင်ငံအလယ်ပိုင်းရှိ မြို့တစ်မြို့ကနေ ၀ယ်ယူခဲ့တယ်လို့ ပြောပြပါတယ်။ အဲဒီကားဟာ တခြားနေရာမှာ ဆိုရင် လက်ရှိဝယ်ယူခဲ့တဲ့ ဈေးထက် နှစ်ဆ နီးပါး လောက် တန်းဖိုးရှိပါတယ်။ ကားရဲ့ စက်ပိုင်းဆိုင်ရာနဲ့ တခြားအခြေအနေတွေဟာ အပြစ်ပြောစရာ မရှိလောက်အောင်ကောင်းမွန်နေဆဲပါ။ ကားဝယ်ယူပြီး တစ်ပတ်လောက်အကြာမှာ ထူးထူးဆန်းဆန်း အဖြစ်အပျက်တွေ စ’ဖြစ်ပါတော့တယ်။
ကားမောင်းနေရင်းနဲ့ လူနှစ်ယောက် အချီအချ စကားပြော နေသံကို အလီ စ’ကြားရပါတယ်။ ကား ရေဒီယိုက ထွက်နေတဲ့ အသံနဲ့ တခြားစီပါ။ ကား ရေဒီယိုကို ပိတ်ပြီး ဆက်မောင်း
ကြည့်ပါတယ်။ စကားပြောသံကို တချက် တချက် ကြားနေရပါတယ်။

သူ့သူငယ်ချင်း အာဖနစ္စတန် လူမျိုးတချို့ကို တင်ဆောင်ပြီး သူ မောင်းကြည့်ပါတယ်။ သူတို့ မူစလင် ဘာသာဝင်တွေက “သရဲ၊ တစ္ဆေ”ကို “ဂျင်”လို့ ခေါ်ပါတယ်။ “ဂျင်” ဟာ အမျိုးမျိုး ရှိပါတယ်။ လူကို
ခြောက်လန့်တဲ့ အလုပ်ကို မကောင်းတဲ့ “ဂျင်” က လုပ်ဆောင်တယ်လို့ သူတို့ သတ်မှတ်ထားပါတယ်။
ကားလိုက်စီးတဲ့ သူ့သူငယ်ချင်းတွေက သူ့ကားပေါ်မှာ အနံ့ တချို့ ရကြောင်းပဲ မှတ်ချက် ပေးကြပါတယ်။

အဓိက ပြဿနာက ကားရပ်ပြီးလို့ ပြန်ထွက်ချိန်မှာ စကားပြော သံ ကြားရခြင်းနဲ့ နောက်ကြည့်မှန်ထဲကနေ ကားနောက်ခန်းထဲ လူအရိပ်တချို့ မြင်နေရခြင်းပါ။ နောက်လှည့်ကြည့်တော့လည်းဘာကိုမှ မမြင်ရ ပါ။ တစ်ရက်ပြီး တစ်ရက် အလီတစ်ယောက် စိတ်ပျက်နေပါပြီ။ ဒီလိုနဲ့ တစ်ရက်မှာ အလီတစ်ယောက် သူတို့
ညီအကို နှစ်ယောက် နေထိုင်ရာ အခန်းဆီ အပြင်က ပြန်လာခဲ့ပါတယ်။ သူတို့နေထိုင်ရာ အပေါ်ထပ်ကနေ သူ့ကားကိုလှမ်းကြည့်လိုက်ပါတယ်။ ကား နောက်ခန်းထဲမှာ လူတစ်ယောက် ကို သေသေချာချာ
တွေ့လိုက်ရလို့ ကားခိုးခံရပြီ အထင်နဲ့အောက်ထပ်ကို အပြေးအလွှား ပြေးဆင်းခဲ့ပါတယ်။ ကားပေါ်
မှာ မည်သူကိုမျှ မတွေ့ရ။

အဲဒီနေ့က သူ အချိန်ပိုင်း အလုပ်လုပ်တဲ့ အလုပ်ကနေ ကျောင်း ဆီ ကားမောင်းပြီး လာခဲ့ပါတယ်။ မီးပွိုင့်ရောက်တော့ ကားလမ်းဟာကုန်းအတက် ဖြစ်နေပါတယ်။ ဒါကြောင့် နံဘေးရှိ လက်ဆွဲ ဘရိတ်
ဆွဲ’မ ပြီး ကားရပ်လိုက်ပါတယ်။ အဲဒီချိန်မှာ သူ့စိတ်ထဲ သူ့ကားဘရိတ် မမိလို့ နောက်ပြန်လျှောကျပြီး
နောက်မှာ ကပ်ပါလာတဲ့ကားခေါင်းကို ၀င်တိုက်မိမှာ စိုးရိမ်းစိတ်နဲ့ နောက်ကြည့်မှန်ထဲကနေအနောက်ကို
လှမ်းကြည့်လိုက်ပါတယ်။ နောက်ခန်းထဲမှာ အဖွားအိုနှစ်ဦးကို သူ သေသေချာချာ တွေ့လိုက်ရပါတယ်။ သူတို့က သူ့ကိုရယ်ပြကြပါတယ်။ မရယ်နိုင်သူက အလီပါ။ ကားတံခါးကိုဖွင့်ပြီး ခြေဦးတည် ရာ ပြေးခဲ့ပါပြီ ….။

အလီနဲ့ ကျန်တဲ့သူတွေ ပြောဆိုနေကြတဲ့ စကားသံတွေ နားထောင်ပြီး စာရေးသူရဲ့ စိတ်ဟာ လွန်ခဲ့တဲ့ (၁၆)နှစ်ခန့်ကအဖြစ်အပျက် တစ်ခုကို ပြန်ပြောင်း သတိရမိပါတယ် ….။

အဲဒီခေတ်က ဗိုလ်တထောင် ကားပွဲစားတန်းမှာ အသိမိတ်ဆွေကား “ဖား” တစ်ယောက်ရှိပါတယ်။ ကားဝယ်ရောင်း လုပ်သူကို အဲဒီခေတ်က “ဖား”လို့ ခေါ်ပါတယ်။ “ဖား” လို့ သတ်မှတ်ခံရသူဟာ အနိမ့်ဆုံးအားဖြင့် ကားစီးရေ လေး … ငါး … ခြောက်စီးလောက်ကို ပိုင်ဆိုင်သူပါ။ သူ့ညီက ဂျပန်နိုင်ငံကနေ ကားကိုသင်္ဘောပေါ်တင်ပြီး ပို့ပေးပါတယ်။ သူက စာရေးသူတို့ထံမှာကားပါမစ်ကို လျှောက်ခိုင်းပြီး ကား တင်သွင်းတဲ့ အလုပ်လည်းလုပ်ပါတယ်။ ပြည်ပ၀င်ငွေ ရှိပြီး အခွန်ဆောင်ထားတဲ့ သင်္ဘောသားတွေ ကုန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ (Shore Job) တွေကအခွန်ကျေပြီးသာ ၀င်ငွေခွန်ကို ပြပြီး ကားတင်သွင်းခွင့်လျှောက်ရပါတယ်။ အဲဒီ တင်သွင်းခွင့် ကားပါမစ် ရလာတဲ့အခါ ကားသွင်းချင်တဲ့ လူတွေဆီ ပြန် ရောင်းစားကြပါတယ်။အဲလို အရောင်းအ၀ယ်လုပ်ရင် “ပွိုင့်” ရိုက်တယ်လို့ ခေါ်
ပါတယ်။ ကားပါမစ် တစ်စောင်လျှောက်ပေးရင် လျှောက်ခ(၆၀၀) လောက်သာရပြီး အရောင်းအ၀ယ်မှာ ကြားပွဲစား လုပ် ပေးရင် (၂၀၀၀) လောက်ရပါတယ်။ ဒါကြောင့် ကားပါမစ် လျှောက်ပေးတဲ့ ရုံးပွဲစားတွေဟာ အရောင်းအ၀ယ် “ပွိုင့်” ရိုက်တဲ့ နေရာမှာလည်း ပိုက်ဆံလိုချင်လို့ လိုက်လုပ်ရပါတယ်။


ဆက်ရန်

No comments:

Powered by Blogger.