ရာဇ၀င်ထဲက ခွေးသူရဲကောင်းများ

        သခင့်ကို သစ္စာစောင့်သိတာ၊ သခင်ကို ဘယ်တော့မှ သစ္စာမဖောက်တာ၊ အနွံအတာခံတာ ဘယ်သူလဲလို့ လက်ညှိုးထိုးပြရမယ်ဆိုရင် သုနက္ခော ခွေးကလေးတွေကိုသာ လက်ညှိုးထိုးရမှာပါ။  ရာဇ၀င်ထဲမှာလည်း သူတို့လေးတွေရဲ့ ကြီးမားတဲ့ စွမ်းဆောင်ရည်တွေကြောင့် ဂုဏ်ပြုခံခဲ့ရတဲ့ ခွေးလေးတွေ မနည်းလှပါဘူး။  ဒီထဲက တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
တပ်ကြပ်ကြီး စတက်ဘီ
စတက်ဘီကတော့ သမိုင်းတစ်လျှောက်လုံးမှာ ဂုဏ်ပြုတံဆိပ်တွေ အများဆုံးရရှိခဲ့တဲ့ ခွေးစစ်သားလေးပါ။  ဂုဏ်ပြုခံရတာမှ တပ်ကြပ်ကြီးရာထူးအထိကို သူ့ကို ချီးမြှင့်ခဲ့တာ။  ဒီလိုမျိုး ခွေးထဲမှာ တပ်ကြပ်ကြီး ရာထူး ရခဲ့တာ သူတစ်ကောင်ပဲ ရှိတယ်။  စတက်ဘီဟာ ခွေးဘီလူးနဲ့ တယ်ရီယာ စပ်ထားတဲ့ခွေးကလေးပါ။  အသံကျယ်ကျယ်နဲ့ ဟောင်တတ်တဲ့ ခွေးကလေးပေါ့။  စတက်ဘီ ခွေးစစ်သားဖြစ်လာပုံကလည်း အဆန်းသား။  သူ့ သခင်ဘယ်သူလည်း၊ သူဘယ်ကလာသလဲ ဘယ်သူမှ မသိပါဘူး။  တစ်နေ့တော့ New Haven က ယေးလ်စစ်လေ့ကျင့်ကွင်းမှာ စစ်သားတွေ စစ်ရေးလေ့ကျင့်နေတုန်း စတက်ဘီတစ်ကောင် လေ့ကျင့်ရေးကွင်းထဲဝင်လာပြီးတော့ ဟိုစပ်စပ်၊  ဒီစပ်စပ်နဲ့ လေ့ကျင့်ရေးကွင်းထဲက ရာထူးအဆင့်မရွေး စစ်သည်တွေအားလုံးနဲ့ မိတ်ဖွဲ့ပြီး နောက်ပိုင်းတော့ စစ်သည်တွေရဲ့ အချစ်တော် ဖြစ်လာပါတယ်။  ဒီလိုနဲ့ စစ်သည်တွေ စစ်မြေပြင်ထွက်တော့ ရောဘတ် ကွန်ရွိုင်း ဆိုတဲ့ တပ်ကြပ်တစ်ယောက်က စတက်ဘီကို သင်္ဘောပေါ်ကို ၀ှက်ပြီး တင်ဆောင်ခဲ့တာပါ။  ဒီလိုနဲ့ စတက်ဘီဟာ အမေရိကန်ရဲ့ ပထမဆုံး ခွေးစစ်သည်
ဖြစ်လာခဲ့ပါတယ်။ 

          စတပ်ဘီဟာ အမေရိကန်စစ်တပ်ရဲ့ ခြေမြန်တပ်ရင် ၁၀၂ မှာ စစ်မှု့ထမ်းခဲ့တာပါ။  သူဟာ စစ်ပွဲပေါင်း ၁၇ ပွဲကို ၁၈ လာတာ ဆင်နွဲခဲ့တဲ့ အာဂခွေးပါ။  သူ့ရဲ့ ပထမဆုံး စစ်ပွဲကတော့ ၁၉၁၈ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ ပြင်သစ်စစ်မြေပြင် Chemin des Dames စစ်ပွဲဖြစ်ပါတယ်။  စစ်ပွဲဟာ နေ့ရော၊ ညရော မနားပဲ တစ်လကျော်ကြာဖြစ်ခဲ့တဲ့ စစ်ပွဲတစ်ပွဲဖြစ်ပါတယ်။  စစ်ပွဲတွေနဲ့ ရင်းနှီလာခဲ့တဲ့ စတက်ဘီဟာ သူ့စစ်သည်တွေကို အဆိပ်ဓာတ်ငွေ့တွေနဲ့ တိုက်ခိုက်မှု့တွေရှိခဲ့ရင် အချက်ပေးခဲ့ပါတယ်။  စစ်မြေပြင် စစ်ပွဲပြီးသွားရင်လည်း ဒဏ်ရာရပြီး လဲကျနေတဲ့ စစ်သည်တွေကို စတက်ဘီက နေရာရှာဖွေပေးခဲ့ပါတယ်။  နောက်ပြီးတော့ ရန်သူ စစ်တပ်ကြီး ရွှေ့လျှားလာတာကိုလည်း စစ်သည်တွေ မကြားခင်မှာပဲ စတက်ဘီက ကြားနိုင်ပါတယ်။  အာဂွန်နီစစ်ပွဲမှာတော့ စတက်ဘီဟာ ဂျာမနီ စပိုင်တွေကို အထိက ဖမ်းဆီးပေးနိုင်ခဲ့တဲ့ ခွေးကလေးပါ။

          ၁၉၁၈ ဧပြီလမှတော့ စတက်ဘီတစ်ယောက် ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရခဲ့ပါတယ်။  တပ်ဆုတ်ပြေးတဲ့ ဂျာမနီစစ်သည်တစ်ယောက် ပစ်လိုက်တဲ့ လက်ပစ်ဗုံးကြောင့် စတက်ဘီရဲ့ ရှေခြေထောက်မှာ ဒဏ်ရာရခဲ့ပါတယ်။  သူ့ကို နောက်တန်းကို ပြန်ပို့ခဲ့ပြီးတော့ ကုသပေးခဲ့ပါတယ်။  ဒဏ်ရာက ပြန်ကောင်းတော့ စတက်ဘီတစ်ယောက် ရှေ့တန်းကို ပြန်သွားတာပါပဲ။  စတက်ဘီဟာ အမေရိကန်စစ်သည်တွေရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခဲ့တဲ့ ခွေးလေးတစ်ကောင်ပါပဲ။   ပြင်သစ်စစ်မျက်နှာပြင်ကနေ ပြန်ရောက်လာတဲ့ စတက်ဘီကို အမေရိကန်က အမျိုးသမီးကြီးတစ်ယောက် က အကျီင်္ချုပ်ပေးခဲ့ပါတယ်။   အဲ့ဒီအကျီင်္ပေါ်မှာ သူ့အတွက် ဂုဏ်ပြုတဲ့ ဆုတံဆိပ်တွေအားလုံးကို ချိတ်ဆွဲ
ပေးခဲ့ပါတယ်။  ပဲရစ်မှာတုန်းက တပ်ကြပ် ကွန်ရိုးနဲ့အတူ စတက်ဘီက ကလေးမလေးတစ်ယောက် ကား တိုက်ခံရမယ့်အဖြစ်ကနေလည်း ကယ်တင်ခဲ့ပါသေးတယ်။  စစ်ကြီးပြီးတော့ ကွန်ရိုးဟာ စတက်ဘီကို သူ့အိမ်ကို ခေါ်ဆောင်သွားခဲ့ပါတယ်။


    စစ်ပြီးတော့ စတက်ဘီဟာ ပြည်သူ့အချစ်တော်
ခွေးကလေးတစ်ကောင်ဖြစ်ခဲ့ပါတယ်။  စစ်ရေးပြအခမ်းအနားတွေမှာလည်း သူမပါရင် မပြီးသလိုပါပဲ။  ဒီခွေးကလေးကို အမေရိကန် သမ္မတ ၀ီဒရိုး ၀ီလ်ဆင်၊ ကယ်လ်ဗင် ကိုလိုက်၊ ၀ါရန် ဂျီ ဟာဒင်းတို့ကလည်း တွေ့ဆုံခဲ့ကြပါတယ်။  တစက်ဘီဆိုတဲ့ခွေးကလေးကို အမေရိကန် စစ်တပ်ရဲ့ American Legion၊ ကြက်ခြေနီအဖွဲ့အစည်း၊ YMCA (Young Men’s Christian Association) အသင်းတို့က ရာသက်ပန် အသင်းဝင်အဖြစ် ဂုဏ်ပြုခဲ့ပါတယ်။  ၁၉၂၁ခုနှစ်မှာ သူ့ရဲ့ နိုင်ငံအတွက်စွမ်းဆောင်မှု့တွေအတွက် Humane Education Society အဖွဲ့ကနေ ရွှေတံဆိပ် ချီးမြှင့်ခဲ့ပါတယ်။  စတက်ဘီကို အမေရိကန် ပထမကမ္ဘာစစ်ရဲ့ ဂုဏ်ပြုသူများ တံတိုင်းမှာ သူ့နာမည်နဲ့ အုတ်တစ်ချပ်ရေးထိုးကာ ဂုဏ်ပြုခဲ့ပါတယ်။  စတက်ဘီဟာ ၁၉၂၆ခုနှစ်မှာ ကွန်ရိုးရဲ့ လက်ပေါ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။  သေဆုံးတဲ့အချိန်မှာ စတက်ဘီရဲ့အသက်ဟာ ၉နှစ် ဒါမှမဟုတ် ၁၀နှစ်လို့ ခန့်မှန်းကြပါတယ်။ 

Source : (Link)

Chips
 
         ချစ်(ပ်)(စ်) ဆိုတဲ့ ခွေးကလေးကတော့ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ထူးထူခြားခြား စွမ်းဆောင်နိုင်ခဲ့ တဲ့
ခွေးကလေးပါ။  Chips ဟာ ဂျာမန်ခွေးမျိုး (German Shepherd)၊ Collie နဲ့ Husky ခွေးမျိုးစပ်ထားတဲ့ ခွေးကလေးတစ်ကောင်ပါ။  ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်တော့ အမေရိကန်က ခွေးပိုင်ရှင်
တော်တော်များများဟာ သူတို့ရဲ့ခွေးတွေကို စစ်အတွင်းမှာ အသုံးပြုနိုင်စေဖို့ စစ်ထဲကို လှူဒါန်းခဲ့ကြပါတယ်။  ဒီလိုပါပဲ Chips ရဲ့ သခင်ဖြစ်သူ အက်ဝဒ် ဂျေ၊ ၀ါရန် ဟာ သူ့ရဲ့ ခွေးကလေး Chips ကို ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အသုံးပြုဖို့ဆိုပြီးတော့ လှူဒါန်းခဲ့ပါ တယ်။  ၁၉၄၂ ခုနှစ်မှာ Chips ကို ဗာဂျီးနီယားပြည်နယ်၊
ခွေးလေ့ကျင့်ရေးကျောင်း (Front Royal) မှာ လေ့ကျင့်ပေးခဲ့ ပါတယ်။  နောက်တော့ Chips ကို ခြေမြန်တပ်မ ၃အောက်မှာ အမှု့ထမ်းစေပြီးတော့ အာဖရိက
မြောက်ပိုင်း၊ အီတလီ၊ ပြင်သစ်၊ ဂျာမနီနဲ့ စစ်စလီကျွန်းတို့ကို စေလွှတ်ပြီးတော့ စစ်မှု့ထမ်းစေခဲ့ပါတယ်။

          Chips ဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ပထမဦးဆုံး နိုင်ငံရပ်ခြားကို စေလွှတ်ပြီး စစ်မှု့ထမ်းဖို့စေခိုင်းခြင်းခံရတဲ့ ပထမဆုံး ခွေးစစ်သည်ပါပဲ။  သူ့ကိုထိန်းတဲ့ သူကတော့ ဂျွန် ပီ ရိုဝဲလ်ဆို သူဖြစ်ပါတယ်။  ဥရောပတစ်ခွင် စစ်ပွဲတွေ ၈ ပွဲလောက်နွှဲပြီးတဲ့ အချိန်မှာတော့ Chips ဟာ စစ်ပွဲက အကျဉ်း သားတွေကို ခေါ်ဆောင်တဲ့ နေရာတွေရော၊ သံချပ်ကာတပ်မရဲ့ အစောင့်အဖြစ်ရော အမှု့ထမ်းခဲ့ပါတယ်။
          Chips ရဲ့ ကျော်ကြားခဲ့တဲ့ ဖြစ်ရပ်ကတော့ စစ်စလီကျွန်းကို သိမ်းပိုက်တဲ့ အချိန်မှာဖြစ်ပါတယ်။  အမေရိကန်စစ်တပ်ဟာ ရန်သူရဲ့ ကတုတ်ကျင်းကို ၀ိုင်းရံထားပြီးတော့ လက်နက်ချခိုင်းနေတဲ့ အချိန်ပေါ့။ Chips ဟာ သူ့သခင်လက်ကနေထွက်ပြေးပြီးတော့ ကတုတ်ကျင်းထဲကနေ ခံပစ်နေတဲ့ ရန်သူတွေဆီကို ခုန်ဝင်သွားခဲ့ပါတယ်။  ကတုတ်ကျင်းထဲက စစ်သည်တွေဟာ Chips ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ကြ ပါတယ်။ Chips ဟာ ရန်သူတွေကို အရှုံးမပေးပဲ ပြန်လည် တိုက်ခိုက်ခဲ့ပါ တယ်။  နောက်ဆုံးမှာ Chips ရဲ့စွမ်းဆောင်ရေကြောင့် စစ်သည်တွေဟာ လက်နက်ချပြီး အဖမ်းခံ ခဲ့ကြရပါတယ်။  အဲ့ဒီနေ့မှပဲ Chips ကြောင့် စစ်သည် ၁၀ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။  ကတုတ်ကျင်းထဲကို ၀င်ပြီး ရန်သူတွေကို တိုက်ခိုက်ချိန်မှာ Chips ရဲ့ ဦးခေါင်းမှာ ဒဏ်ရာရခဲ့သလို၊ ယမ်းလောင်တဲ့ ဒဏ်ရာတွေလည်းရခဲ့ပါတယ်။  သူ့ရဲ့ စစ်အတွင်းက စွမ်းဆောင်ရည်တွေကြောင့် ရဲရင့်တဲ့ စစ်သည်ဝန်ထမ်းကောင်း ငွေကြယ်တံဆိပ်နဲ့ Purple Heart လို့ခေါ်တဲ့ စစ်ပွဲအတွင်းမှာ ရွပ်ရွပ်ချွံချွံတိုက် ခိုက်ရင်းဒဏ်ရာရတဲ့ သူတွေကို ပေးလေ့ရှိတဲ့ ဆုတံဆိပ်ကို ရရှိခဲ့ပါတယ်။
         ၁၉၄၃ နိုဝင်ဘာ ၁၉မှာတော့ သူရဲ့ အန္တရာယ်များလှတဲ့ ကတုတ်ကျင်းထဲကို ရဲရင့်စွာ ၀င်ရောက်ပြီးတော့ ရန်သူတွေကို ချေမှုန်းနိုင်မှု့ကြောင့် စစ်သည်တွေရဲ့ အမြင့်ဆုံးဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။  ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာကတော့ နောက်ပိုင်းမှာ အဆိုပါ ဆုတံဆိပ်တွေကို တပ်မတော်ရဲ့ ပေါ်လစီကြောင့် ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။  တရိစ္ဆာန်တွေကို တရားဝင်ဆုတံဆိပ်တွေ မပေးတော့ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့လို့ဖြစ်ပါတယ်။  ဒါပေမယ့် သူ့တပ်ရင်းက ရဲဘော်တွေကတော့ Chips ကို သူပါဝင်ဆင်နွှဲခဲ့တဲ့ စစ်ပွဲပေါင်း ၈ ပွဲအတွက် ဂုဏ်ပြုတဲ့ ဆုတံဆိပ်တွေကို ပေးအပ်ခဲ့ကြပါတယ်။

၁၉၄၅ ခုနှစ်မှာတော့ Chips ကို စစ်မြေပြင်မှ ပြန်ခွင့်ပြုခဲ့ပြီးတော့ သူ့ ၀ါရန်ဆီကို ပြန်ပို့ပေးခဲ့ပါတယ်။  ဒါပေမယ့် ကာကြာရှည် စစ်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် Chips ဟာ အိမ်ပြန်ရောက်ပြီး ၇ လအကြာမှာ သေဆုံးခဲ့ရပါတယ်။  Chips သေဆုံးတဲ့အချိန်မှာ ၆ နှစ်သား အရွယ်ပဲ ရှိပါသေးတယ်။  Chips ရဲ့ ရုပ်ကြွင်းကို အမေရိကန်နိုင်ငံ၊ Hartsdale မှာရှိတဲ့ The Peaceable Kingdom Pet Cemetery မှာ မြှုပ်နှံခဲ့ကြပါတယ်။  ၁၉၉၀ မှာတော့ ဒစ်စနီက Chips The War Dog ဆိုပြီးတော့ Chips ကို ဂုဏ်ပြုတဲ့ အနေနဲ့ ရုပ်ရှင်ရိုက်ကူးပြီးခဲ့ပါတယ်။
Source : (Link)

ဟိုက်ချီကို

         ဟိုက်ချီကို(Hachiko) ဆိုတဲ့ ရုပ်ရှင်လေးကိုလည်း ကြည့်ဖူးကြမှာပါ။  လွမ်းမောဖွယ်ရာ ကောင်းပြီး သခင့်အပေါ်ကို သစ္စာရှိလှတဲ့ ဂျပန်က ခွေးကလေးပေါ့။  ဟိုချီကို ကို ၁၉၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။  သူ့ကို သူ့သခင် တိုကျို တက္ကသိုလ်က စိုက်ပျိုးရေး ဘာသာဋ္ဌာနက ဋ္ဌာနမှုး ဟီဒဲဆာဘူရို ယူနို့ ပါ။  မနက်တိုင်း ဟိုက်ချီကိုက သူ့သခင်ကို ရှီဘူယ ဘူတာရုံကို လိုက်ပို့နေကြ။  ညနေ ယူနိုပြန်လာချိန်ဆိုရင် ဟိုက်ချီကို က ဘူတာရုံကို လာကြိုနေကြ။  ဒီလိုနဲ့ သူ့သခင်နဲ့ ဟိုက်ချီကိုကြား သံယောဇဉ်တွယ်ခဲ့ကြပါတယ်။  ဒါပေမယ့် ၁၉၂၅ ခုနှစ်မေလမှာတော့ သခင်ဖြစ်သူဟာ တိုကျိုတက္ကသိုလ် မှာပဲ နှလုံးသွေးကြောပိတ်ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။  ဟာချီကို ညနေတိုင်း စောင့်မျှော်နေရာ ရှီဘူရ ဘူတာရုံလေးကို ဘယ်တော့မှ
ပြန်မလာနိုင်တော့ပါဘူး။  ဒါပေမယ့် ဟိုက်ချီကိုလေးကတော့ သခင်ဖြစ်သူ ပြန်အလာကို ညနေတိုင်း စောင့်မျှော်နေဆဲပါ။  ဟိုက်ချီကိုဟာ သူ့သခင် ကွယ်လွန်ပြီး ၉ နှစ်ကြာတဲ့အထိ ရှီဘူရ ဘူတာရုံမှာ ညနေတိုင်း သခင်ပြန်လာတဲ့ အချိန်လေးကို မျှော်ရင်းနဲ့ ကုန်လွန်စေခဲ့ပါတယ်။  ဒီလိုနဲ့ ဘူတာရုံမှာ နေ့စဉ်သွားလာနေကြတဲ့ လူတွေဟာ ဟာချီကိုလေးရဲ့ အဖြစ်ကို သိရှိလာကြပါတယ်။  ဟာချီကိုလေး သူ့သခင်ကို စောင့်စားနေတဲ့အချိန်မှာ အစာရေစာ ကျွေးမွေးခဲ့ကြပါတယ်။  ဟာချီကိုကတော့ သခင် သူဆီကို ပြန်လာနိုး ပြန်လာနိုးနဲ့ သူမသေဆုံးခင် အချိန်အထိ စောင့်စားခဲ့ပါတယ်။  ဂျပန်နိုင်ငံရဲ့ ရှီဘူရ ဘူတာရုံလေးမှာတော့ ယနေ့တိုင် ဟာချီကိုရဲ့ ကြေးရုပ်ထုလေးကို တွေ့မြင်ကြရမှာပါ။  သစ္စာရှိလှတဲ့ ခွေးကလေး ဟာချီကိုအတွက် နှစ်စဉ်နှစ်တိုင်း ဧပြီလ ၈ ရက်နေ့မှာ ခွေးချစ်သူတွေက ဟာရှီကိုလေးရဲ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ကြပါတယ်။  ဟာချီကိုဟာ ၁၉၃၅ခုနှစ် မတ်လ ၈ ရက်နေ့မှာ သခင်ဖြစ်သူ ပြန်အလာကို စောင့်မျှော်ရင်းနဲ့ပဲ ရှီဘူရ လမ်းဘေး တစ်နေရာမှာ သေဆုံးခဲ့ပါတယ်။  ဟာချီကိုရဲ့ ရုပ်အလောင်းကိုတော့ တိုကျိုမြို့ရဲ့ မီနာတိုကူးက အိုယားမား သချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။


ဟိုက်ချီကိုလေးရဲက အုတ်ဂူ


သစ္စာရှိလှတဲ့ ဟိုက်ချီကိုလေးရဲ့ အမှတ်တရ ကြေးရုပ်ထု.. ဒီရုပ်ထုဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ ရှီဘူရ ဘူတာရုံရဲ့ ထွက်ပေါက် နံပါတ် ၅ မှာရှိပါတယ်။  ပထမဆုံးရုပ်ထုကိုတော့ ၁၉၃၄ ဟိုက်ချီကို မသေဆုံးခင် တစ်နှစ်အလိုထဲက စိုက်ထူခဲ့တာဖြစ်ပြီး ဖွင့်ပွဲမှာ ဟိုက်ချီကိုလေးလည်း ဘေးနားမှာ ရှိနေခဲ့ပါတယ်...  ခုမြင်ရတဲ့ ရုပ်ထုကတော့ ဒုတိယ ကမ္ဘာစစ်ပြီးနောက်မှာက ရုပ်ထုလေးပါ။
Source : (Link)

No comments:

Powered by Blogger.