"ရာသီဥတုအရိုင်းနှင့် ဖောက်ပြန်မှုများ"

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲလာရပါသည်။
အာတိတ်ဒေသ Greenland က နှစ်ပေါင်း(၆,၀၀၀) ကျော်ကထဲက အေးခဲနေသည့်ရေခဲတောင်ကြီးလည်း
နှစ်ပေါင်း (၁၀၀) အတွင်း (၁၇၈) ကီလိုမီတာ အရည်ပျော်ပျောက်ဆုံးခဲ့ပါပြီ။ ထို ရေများကြောင့်
ပင်လယ် ရေမျက်နှာပြင် ပို၍မြင့်တက်လာကာ ကမ်းရိုးတန်းရှိ မြို့ကြီးများအန္တရယ် ရှိလာပါသည်။
အထူးသဖြင့် နှစ် (၃၀) အချိန်တိုလေးအတွင်း ကမ္ဘာ့ အဆင့်အတန်းမီ နိုင်ငံကြီး ဖြစ်အောင်မနားမနေ
လောင်စာသုံး ထုတ်လုပ်နေသော လူဦးရေ သန်း ၁၄၀၀ ကျော်ရှိ တရုတ်နိုင်ငံ၏ ပယောဂက ကမ္ဘာကြီးကို
ပို၍ ပူနွေးစေသည့် ကိစ္စမှာ ထိပ်ဆုံးက ရှိနေပါသည်။
အမေရိကန် ပြည်ထောင်စု အနှံ့အပြား နှင်းမုန်တိုင်းတွေကျပါတယ်။မြစ်ရေလျှံမှုကြောင့် တိုရွန်တိုမြို့ကြီး
ရေကြီး၊ရေမြုပ်ပါတယ်။
ဩစတြီးလျားမှာ အပူလွန်မှုကြောင့် တောမီး အဆက်မပြတ်လောင်ပါတယ်။
အလွန်ပူပြင်း ခြောက်သွေ့တဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေဖြစ်တဲ့ အစ္စရေးလ်နဲ့လက်ဘနွန် မှာ ဆီးနှင်းကျပြီး
အပူချိန်က ရေခဲအမှတ်အောက်ကို မကြုံစဖူး ရောက်ခဲ့ပါတယ်။
ဟာရီကိန်း "စန္ဒီ" နယူးယောက်ကို ဝင်တိုက်ပါတယ်။
သက္ကရာဇ် ၂၀၅၀ မှာ မိုးရွာသွန်းမှု နှစ်ဆပိုပါမယ်။ (၅) ဆ ပိုပူမယ်။ တောမီးလောင်မှု ၁၀၀ % ရှိမယ်။
၅၀ % ဆီးနှင်း အစားဆီးနှင်းခဲ၊ နှင်းဆုပ်လုံး (Snowball) တွေကျပါမယ်။ ကမ္ဘာတဝှမ်း ၅၀% ပို၍ နှင်းမုန်
တိုင်းကျပါမယ်။ ဟာရီကိန်း အဆင့်ရှိ မုန်တိုင်း တိုက်ခတ်တာ မကြာခဏ ကြုံရပါမယ်။
ကနေဒါလို နိုင်ငံမျိုးမှာ ရာသီဥတု ဒဏ်ကြောင့်နှစ်စဉ် ဒေါ်လာ (၁) ဘီလီယံတိုးပြီး ဆုံးရှုံးမှုရှိနေရာကနေ
ကမ္ဘာကြီး ပို၍ ပူနွေးလာမှုကြောင့် ၂၀၁၃ ခုနှစ်မှာ (၈) ဘီလီယံဖိုး ပျက်ဆီး ဆုံးရှုံးခဲ့ရပါတယ်။ တို့ရွန် တိုမြို့ကြီးမှာ၁၉၅၄ ခုနှစ်ဟာရီကိန်း ဟေဇယ် (Hurricane Hazel)ကြောင့်လည်း အကြီးအကျယ် ပျက်စီးခဲ့ဖူး
ပါတယ်။
တိုကျို၊ နယူးယောက်၊ တိုရွန်တိုလို မြို့ကြီးတွေဟာ သေမဲ့နေ့ကို စောင့်နေတဲ့ မြို့ပြကြီးတွေဖြစ်ပြီး
ဘင်္ဂလားဒေ့ခ်ျလို နိုင်ငံမျိုးက ကမ္ဘာ့မြေပုံပေါ်က မကြာခင် ပျောက်ကွယ်သွားနိုင်သလိုထိုင်း၊ မြန်မာ၊
လာအို၊ တရုတ်လို ကုန်းတွင်းဆက်စပ်နေတဲ့ တိုင်းပြည်တွေမှာတော့ ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို အလူးအလဲ ခံရနိုင်ဖွယ် ရှိပါတယ်။
သဘာဝ အရင်းအမြစ်တွေနှင့် သစ်ပင် မှန်သမျှအိမ်နီးချင်း နိုင်ငံတွေက လိုသည်ထက် ပိုမိုထုတ်
ယူ သုံးစွဲနေသည့် တရုတ်၏ ရုပ်ဝထ္ထုပစ္စည်း ချမ်းသာကြွယ်ဝချင်လွန်းသည့် အတ္တဇောကြောင့် အိမ်
နီးချင်း နိုင်ငံငယ်တွေ ဒုက္ခရောက်ကိန်း ဆိုက်ရတယ်လို့ ပညာရှင်များ အဆို ရှိပါတယ်။
ချမ်းသာပြီး နည်းပညာရှိသည့် တိုင်းပြည်ကြီးများဖြစ်သည်နှင့်အညီ နယူးယောက်မြို့မှာ အတ္တလန်
တစ် သမုဒ္ဒယာရဲ့ ရေကြီး၊ ရေလျှံ၊ မုန်တိုင်းဒဏ်ကို ကာကွယ်နိုင်ဖို့ အစီအစဉ်တွေ စတင် လုပ်
ဆောင်နေပြီ ဖြစ်သလို၊ နယ်သာလင်မှာတော့ရေပေါ် ပေါ်လောပေါ်နိုင်တဲ့ ရေပေါ် မြို့ပြ စီမံ
ကိန်းတွေ စတင် တည်ဆောက်နေပါပြီ။
ကနေဒါ နိုင်ငံတဝှမ်း မြစ်ကြီးတွေနား တည်ရှိနေသည့် မြို့ကြီးများ အတွင်းရှိ အိမ်ယာ စီမံကိန်းတိုင်းမှာ
ရေမဝင်နိုင်သည့် အာမခံ အိမ်များ ဆောက်လုပ်လျှက်ရှိပြီး ၎င်းအိမ်ထဲတွင်ရေဝင်လျှင် အလိုအလျှောက် သတိပေးစက်၊ရေစုပ်စက်၊ ရေပြန်ထုတ် အဆို့ရှင် (Back-water Valve) များ တပ်ဆင်ထားပါသည်။
၂၀၁၃ ခုနှစ် ရေကြီးမှု ဖြစ်ပြီးကထဲက ကနေဒါနိုင်ငံ အနေနှင့် သင်္ခန်းစာ ကောင်းစွာ ရရှိခဲ့တာကြောင့် နိုင်ငံ
တဝှမ်းမှ အိမ်ယာတိုင်းကို အစိုးရမှ ဦးစီးပြီး စီစဉ်ပေးနေတာ ယခုဆို အတော်ပြီးသလောက် ဖြစ်နေပါပြီ။
လျှံကျလာသည့် မြစ်ရေကိုလည်း မြေအောက်မှပြန်လည် စီးဆင်းစေပြီး မြစ်ကြောင်းအတွင်းသို့
တွန်းပို့ပြီး ပင်လယ်ထဲ ရောက်စေသည့် လွန်စွာနားလည်ရခက် ရှုပ်ထွေးသည့် အင်္ဂျင်နီယာ အတတ်ပညာ
တွေနှင့် တည်ဆောက် ကာကွယ်မှုတွေလည်း ရှိပါသေးတယ်။
၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ အမေရိကန်ပြည်ထောင်စုကို ဟာရီကိန်း အမျိုးအစား အဆင့်
(၁) သတ်မှတ်ထားသော "စန္ဒီ" ဝင်ရောက်တိုက်ခိုက်မှုမှာ ပြည်နယ် (၂၄) ခုကို မုန်တိုင်း ထိခဲ့သော်လည်း
နယူးဂျာစီနှင့် နယူးယောက်မြို့ကအခံရဆုံးနှင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့ပါတယ်။
၂၀၀၇ ခုနှစ် ကထဲက နယူးယောက်မြို့ကိုရာသီဥတုဒဏ် ခံနိုင်အောင် ကာကွယ်ထားသော်လည်း "စန္ဒီ"
ကြောင့် နယူးယောက်မြို့တမြို့ထဲ လူ (၄၄) ဦး ရေနှစ် သေဆုံးပြီး အမေရိကန်ဒေါ်လာ သန်း (၉၀) ဆုံးရှုံးမှု ရှိခဲ့ပါတယ်။
"စန္ဒီ" မုန်တိုင်းဟာ ပညာရှင်များကို လှုပ်နှိုး၊သတိပေး စိမ်ခေါ်ခဲ့ပါပြီ။
နယူးယောက်မြို့ကြီးကို ရေကြီးမှုနှင့် မုန်တိုင်းဒဏ်မှ လွတ်ကင်းအောင် မြို့စွန် ပင်လယ်နားနီးတဝိုက်နှင့်
စီးပွါးရေး အချက်အချာကျ နေရာတွေမှာ ရေကာတာများ၊ တောင်ကုန်းမြင့် ပန်းခြံများ တည်ဆောက်ခြင်း၊
အဆောက်အဦးတွေကို မုန်တိုင်းဒဏ် ခံနိုင်အောင် ပြန်လည်ပြုပြင်ခြင်းများ အပါအဝင် သဘာဝ သောင်ခုံ
ကျောက်တန်းများ ဖြစ်ပေါ်စေရန် အလို့ငှါ ကနုကမာကောင်၊ ယောက်သွားများကို ကမ်းရိုးတန်းတလျှောက် အများအပြားမွေးမြူခြင်း လုပ်ငန်းများလည်း စီမံကိန်းအဖြစ် ပါဝင်တယ်။
ကမာကောင်များ၏ စွမ်းအင်ဖြင့် ဖြစ်ပေါ် လာမည့် ကျောက်ဆောင်တန်းများသည်ရေကြီးမှုကို အလုံးစုံ
မတွန်းလှန်နိုင်သော်လည်း လှိုင်းဒဏ်နှင့် ရေအားကို လျော့စေမှာ အမှန်ပင် ဖြစ်သည်။
ဗမာပြည် "နာဂစ်" မုန်တိုင်းတုန်းက မြစ်ကမ်းတလျှောက် သဘာဝဖြစ် ရှိနေသော ပင်လယ်
မှော်၊ ဒိုက်သရောများအား တရုတ်ပြည်ကိုအများအပြား ရောင်းစားတာရယ်၊ တန်ဘိုးနားမလည်ဘဲ
ရှင်းလင်းပစ်မှုကြောင့် ပိုဆိုးစွာ ရေကြီးမှုဒဏ် ခံရခြင်း ဖြစ်တယ်။
သိပံ္ပပညာရှင်များက ကမ္ဘာ့ အပူချိန် တနှစ်ထက်တနှစ် ပိုတိုးလာနေတာဟာ လွန်ခဲ့သည့်နှစ်ပေါင်း
(၆,၀၀၀) ရေခဲခေတ်မှ ၁၉ ရာစု အထိ (၅ ဒီဂရီ)သာ ရှိခဲ့သော်လည်း ၂၁ ရာစုမှာတော့ အပေါင်း၊
အနှုတ် (၁ ဒီဂရီ) ခန့် တိုးလာတာကြောင့် အချိန်တိုအတွင်း ပိုမို ပူလာနေမှန်း သိသာလှပါတယ်။
ထိုကြောင့် ပင်လယ်ရေ ပူနွေးတယ်၊ ရေခဲတောင်အရည်ပျော်မယ်၊ ပင်လယ်ရေ ပိုမြင့်မယ် စသည်
ဖြင့် တဆက်တည်း ကမ်းရိုးတန်း ဒေသတွေ ရေကြီးမယ် ဖြစ်ပါတယ်။ ကမ္ဘာ့မြို့ကြီး အတော်များ
များဟာ ကမ်းရိုးတန်းမှာ ရှိကြတာမို့ ယခုကထဲက မကာကွယ်နိုင်လျှင် မကြာခင် ရေအောက်
ရောက်ကြရပါမယ်။
အချုပ်ဆိုရလျှင်တော့........................
လိပ်ပြာတောင်ပံ သက်ရောက်မှု Butterfly Effect
သီအိုရီအရ အမေဇုံတောထဲက လိပ်ပြာတောင်ပံ
ခတ်မှုဟာ နီပေါမှာ ငလျင် ဖြစ်ပေါ်လာနိုင်သကဲ့
သို့ ဗမာ စကားပုံမှာလည်း ညောင်ဦးက ကမ်းပါး
ပြိုတာ စမ္မာနဂိုလ်က နွား ပေါင်ကျိုးတယ်လို့ အ
ဆို ရှိပါတယ်။
ဗမာပြည်က သစ်တပင် မတရား ခိုးယူ ခုတ်လှဲ
ခံရခြင်းဟာ အာရှ တတိုက်လုံးရဲ့ ရာသီဥတုကို
ပြောင်းလဲစေနိုင်ပါတယ်။
ဆင်ခြင်နိုင်ကြပါစေလို့ တိုက်တွန်းရုံမှအပ
အခြားမတတ်နိုင်ပါတော့လေသတည်း။
Andrew Soe
၂၆ ဇူလိုင် ၂၀၁၅။
ပုံ (၁ - ၄) အစ္စရေးနှင့် လက်ဘနွန်တွင်
ကျရောက်ခဲ့သောနှင်း။
ပုံ (၅ - ၁၀) စန္ဒီမုန်တိုင်းနှင့် အခြားပုံများ။
No comments: