ရန်ကုန် ဘယ်လို ဗုံးကြဲခံခဲ့ရသလဲ


ဒုတိယကမ္ဘာစစ်ကြိုခေတ် ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် ဗြိတိသျှနှင့် အမေရိကန်တို့က ဂျပန်ကို စစ်ကြေငြာသည်။ ထို့ကြောင့် ဂျပန်တို့က အင်္ဂလိပ်တို့လက်အောက်ခံဖြစ်သော ရန်ကုန်မြို့ကို ၁၉၄၁ခုနှစ်
ဒီဇင်ဘာ ၂၃ရက်နေ့တွင် ဗုံးလာကြဲတော့သည်။ ဂျပန်ဗုံးကြဲလေယာဉ် ၆၀ နှင့် တိုက်လေယာဉ် အစီး ၃၀ တို့ဖြစ်သည်။ သနားစရာ ရန်ကုန်မြို့သူမြို့သားတို့မှာ ဗုံးကြဲပုံကို တစ်ခါမှ မမြင်ဖူးကြသဖြင့် လူစုလူဝေးကြီးဖြင့် ထွက်ကြည့်ကြသည်။ လမ်းမလယ်မှ ရပ်လျှက် ကောင်းကင်မှ တ၀ီဝီပြန်နေသော ဂျပန်လေယာဉ်များကို ကြည့်ကြသည်။ ဂျပန်တို့က ဗုံးများကြဲချသည့်အပြင် လေယာဉ်ကိုနိမ့်ဆင်းကာ စစ်သေနတ်ဖြင့် ပစ်ခတ်သည်။ ပြည်သူများအတုံးအရုံးသေခဲ့ကြရသည်။ စုစုပေါင်း လူ ၂၀၀၀ ကျော်သေဆုံးကာ ၂၅၀၀ခန့် ဒါဏ်ရာ ရခဲ့ကြသည်။ အင်္ဂလိပ်တို့က ဂျပန်လေယာဉ် ၁၁စင်းကို ပစ်ချနိုင်ခဲ့သည်။


၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၅ရက်နေ့တွင် နောက်တစ်ကြိမ် ရန်ကုန်မြို့ပေါ်သို့ဗုံးကြဲပြန်သည်။ ဂျပန်ဗုံးကြဲလေယာဉ် အစီး၈၀ နှင့် တိုက်လေယာဉ် အစီး ၂၀ ပါဝင်သည်။ ပြည်သူများမှာ ဗုံးကို ကောင်းကောင်းမရှောင်နိုင်ကြသေး။ သည့်အတွက် အရပ်သား ၇၅၀ ခန့် ထပ်မံသေဆုံးရကာ ၁၇၀၀ ခန့် ဒါဏ်ရာရကြပြန်သည်။ မြို့အသီးသီးရှိ အဆောက်အအုံများပျက်စီးကာ နေရာအနှံ့မီးလောင်ကုန်သည်။ ၁၉၄၂ခုနှစ်တွင် တတိယအကြိမ်ထပ်မံ ဗုံးကြဲပြန်သည်။ ပြည်သူအများစု ရန်ကုန်မြို့ကိုစွန့်ခွာသွားသဖြင့် အသေအပျောက်နည်းခဲ့သည်။ အင်္ဂလိပ်တို့က ဂျပန်လေယာဉ်စုစုပေါင်း ၂၉စင်းကို ပစ်ချနိုင်ခဲ့သည်။


၁၉၄၂ခုနှစ် မတ်လ ၇ရက်နေ့ တွင် ဂျပန်တို့၏ ထိုးစစ်အား မခုခံနိုင်တော့သော အင်္ဂလိပ်တို့သည် ဆုတ်ခွာကြတော့သည်။ ရိုးရိုးမဆုတ်ခွာပဲ ရန်ကုန်မြို့ကို မီးရှို့ဖျက်စီးခဲ့ပြန်သည်။ ရပ်ကွက်များမီးဟုန်းဟုန်းတောက်လျှက် ရှိသည်။ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၊ ဆိပ်ကမ်းမှ ၀န်ချီစက်ကြီးများနှင့် သိမ်ကြီးဈေးတို့ မီးလောင်ပျက်စီးသွားရသည်။ ထို့အပြင် သံလျှင်မြို့ရှိ ရေနံချက်စက်ရုံကြီးကိုလည်း ဖောက်ခွဲဖျက်စီးခဲ့ပြန်သည်။ ကောင်းကင်ပေါ်သို့ မီးခိုးလုံးကြီးများတက်နေသဖြင့် ထိုနေ့တစ်နေ့လုံး ရန်ကုန်တစ်ဝိုက်တွင်ကောင်းကင်မှ နေကို မမြင်ရလောက်အောင် အုံမှိုင်းမှောင်မဲလျှက်ရှိသည်။ ရန်ကုန်မြို့သူမြို့သားများအဖို့ ကျီးလန့်တစာစာ ဖြစ်ခဲ့သော နေ့ရက်များဖြစ်သည်။

Ref; မြန်မာ့ဖြစ်ရပ် (၁၀၀) - မောင်ကြည်သန့်

AyeSay
www.ayesay.com.mm

No comments:

Powered by Blogger.