ယောင်္ကျားမဟုတ်တဲ့ ရှိတ်စပီးယား


 ပြဇာတ်ရေး ဆရာကြီး ၀ီလျံ ရှိတ်စပီးယား ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း (၄၀၀) ရှိခဲ့ပြီဖြစ် သော်လည်း ရှိတ်စပီးယား မည်သူ ဖြစ်သည်ကို ယခုအချိန်အထိ တွေးဆနေရဆဲ ဖြစ်သည်။ ယခုလည်း ရှိတ်စပီးယားဆိုင်ရာ ကျွမ်းကျင် ပညာရှင် တစ်ဦးက ရှိတ်စပီးယားသည် လန်ဒန်မြို့တွင် နေထိုင်ခဲ့သည့် ဆံပင်နက်နက်ဖြင့် ဂျူး အမျိုးသမီး တစ်ဦးသာ ဖြစ်ကြောင်း ပြောဆို လိုက်ပြန်ပြီ ဖြစ်သည်။

 ရှိတ်စပီးယားမှာ အမဲလီယာ ဘက်ဆာနို ဆိုသည့် အမျိုးသမီးသာ ဖြစ်ကြောင်း ပညာရှင် ဂျွန်ဟတ်ဆန် က ၄င်း၏ ရှိတ်စပီးယား၏ အမှောင်ထဲက အမျိုးသမီး အမည်ရှိ စာအုပ်တွင် ရေးသား ထားသည်။ အမဲလီယာ သည် ၁၅၆၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး မိဘများမှာ ပထမမြောက် အဲလစ်ဇ်ဘက် ဘုရင်မ၏ နန်းတော်ရှိ ဂီတ ပညာရှင်များ ဖြစ်ကြကြောင်း ဟတ်ဆန်က ပြောသည်။

 ဆယ်ကျော်သက် အရွယ်တွင် အမဲလီယာသည် လော့ဒ်ချိန်ဘာလိန်၊ ဟင်နရီ ကာရေးနှင့် အင်္ဂလိပ် ပြဇာတ် လုပ်ငန်းကို ကြီးကြပ်ရသည့် မြို့စား ဟန်စ်ဒန်တို့၏ လိင်သာယာမှု များကို ဖြည့်ဆည်းပေးခဲ့ ရသည်။ ယင်းကြောင့် အမဲလီယာသည် နေရာကောင်းတွင် ရှိခဲ့ပြီး ပြဇာတ်များကို ရေးသား တင်ဆက်ရန် အဆက် အသွယ်ကောင်းများရ ခဲ့ကြောင်း ပညာရှင်က ဆိုသည်။ အမဲလီယာသည် အခြား ပြဇာတ်ရေးဆရာ ခရစ္စတိုဖာမာလိုးနှင့် ချစ်သူ ဖြစ်ခဲ့ပြီး၊ ကိုယ်ဝန်လည်း ရှိခဲ့ကာ ၁၆၄၅ ခုနှစ်တွင် ဆင်းဆင်းရဲရဲဖြင့် သေဆုံးခဲ့ကြောင်း ဟတ်ဆန်က ဆိုသည်။

အမဲလီယာအား ရှိတ်စပီးယား အဖြစ် သံသယရှိ ရသည့် အချက်မှာ ရှိတ်စပီးယားသည် အင်္ဂလန်တွင် တစ်သက်လုံးနေခဲ့ သော်လည်း ပြဇာတ် အများစုမှာ ပြည်ပတွင် ဇာတ်အိမ် တည်ခဲ့ခြင်း ဖြစ်သည်။ အမဲလီယာ၏ မိသားစုသည် အီတလီ ဇာတိ ဖြစ်သောကြောင့် ရှိတ်စပီးယား၏ ပြဇာတ်များတွင် အီတလီနိုင်ငံ အကြောင်း များစွာ ပါဝင် ခဲ့ခြင်း ဖြစ်ကြောင်း ဟတ်ဆန်က ဆက်လက် ပြောဆို ခဲ့သည်။ ကမ္ဘာကြီးတွင် လူမျိုး ခွဲခြားမှု၊ ကျားမခွဲခြားမှု ပိုမိုနည်းပါး လာပြီ ဖြစ်သောကြောင့် ရှိတ်စပီးယား ဆိုသည်မှာ အမျိုးသမီး ဖြစ်သည် ဆိုသည့် အဆိုကို လက်ခံရန် အချိန်ကျ လာပြီ ဖြစ်ကြောင်း ဟတ်ဆန်က နောက်ဆုံး ပြောဆို ခဲ့သည်။

 Messenger news journal

No comments:

Powered by Blogger.